ရှေးတုန်းက လူတွေဟာ ရာသီဥတုဒဏ်ခံနိုင်စေဖို့ ဦးထုပ်ကို အသုံးပြုခဲ့ကြခြင်းဖြစ်သော်လည်း ဦးထုပ်သည် တဖြည်းဖြည်းနဲ့ အလှအပအတွက် ဖြစ်လာပါတယ်။ ဦးထုပ်ဟာ အမျိုးသမီးတွေကော၊ အမျိုးသားတွေပါ ကြိုက်နှစ်သက်တဲ့ အဆင်တန်ဆာဖြစ်ပါတယ်။
ယခုအခါမှာ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ဦးထုပ်တွေဟာ ခေတ်ရေစီးကြောင်းပေါ်မှုတည်ပြီး ပုံသဏ္ဍာန်အမျိုးမျိုး ၊ဒီဇိုင်းအမျိုးမျိုး မကြာခဏပြောင်းလဲလေ့ရှိပါတယ်။ ဒါ့ကြောင့် ပျိုမေတို့အတွက် ဖက်ရှင်တစ်ခုအနေနဲ့ကော၊ ကျန်းမာရေးနှင့် အလှအပအတွက်ပါ အရေးပါတဲ့ ဦးထုပ်လေးတွေရဲ့ သမိုင်းကြောင်းနဲ့ ဘယ်လိုဦးထုပ်ပုံစံလေးတွေကို ဘယ်လိုဖက်ရှင်ကျအောင် ၀တ်ဆင်နိုင်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Fedora
အစပိုင်းမှာ Fedora ဦးထုပ်လေးတွေကို ယောက်ျားလေးတွေသာ ဝတ်ဆင်ခဲ့ပေမယ့် တဖြည်းဖြည်းပြောင်းလဲသွားပြီး အမျိုးသမီးတွေကြားမှာ ပိုပြီးပေါ်ပြူလာဖြစ်လာပါတယ်။ Fedora ဦးထုပ်လေးတွေကို အရောင်လေးတွေ၊ ပန်းပွင့်တွေ၊ accessories တွေနဲ့ ဒီဇိုင်းဖန်တီးကြပြီး ဒီဦးထုပ်တွေဟာ အမျိုးသမီးတွေအတွက် ကျော့ရှင်းမှုအရှိဆုံး ဖြစ်လာပါတယ်။ ဒီဦးထုပ်လေးတွေ ဝတ်ဆင်မယ်ဆိုရင် ပန်းပွင့်ပါတဲ့ ဂါဝန်လေးတွေ၊ စကတ်၊ ဂျင်းဘောင်းဘီနှင့် တဆက်တည်း ဂါဝန်လေးတွေနှင့် ဆင်မြန်းနိုင်ပါတယ်။
၂။ Beanie
ဒီဦးထုပ်လေးတွေကို Beanieလို့ခေါ်ပါတယ်။ အစပိုင်းမှာ ဒီဦးထုပ်တွေဟာ အမျိုးသားတွေ အတွက် ဖြစ်ပေမယ့် နောက်ပိုင်းမှာ အမျိုးသမီးတွေပါ ဝတ်ဆင်ရင်း အမျိုးသမီးတွေအကြား လူကြိုက်များလာပါတယ်။ သိုးမွှေးနဲ့ ပြုလုပ်ထားတဲ့ ဒီဦးထုပ်ပျော့ပျော့လေးတွေဟာ ကြမ်းတမ်းတဲ့ ဆောင်းရာသီမှာ နွေးထွေးမှုကို ပေးနိုင်ပါတယ်။ ချစ်စရာကောင်းပြီး နွေးထွေးမှုကို ပေးနိုင်တာကြောင့် ဆောင်းရာသီနှင့် လိုက်ဖက်တဲ့ ဦးထုပ်ပုံစံ ဖြစ်ပါတယ်။
၃။ Beret
(Beret)ဘယ်ရီကတ်လို့ခေါ်တဲ့ ဒီဦးထုပ်လေးတွေဟာ ပြင်သစ်နှင့် စပိန်မှ စတင်ပေါ်ပေါက်လာတာဖြစ်ပြီး လူကြိုက်မများခင်က စစ်တပ်ယူနီဖောင်းရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒီဦးထုပ်လေးတွေကို အများအားဖြင့် သိုးမွှေး၊ ဝါဂွမ်း၊ acrylic ချည်မျှင် စတာတွေနဲ့ ပြုလုပ်ကြပါတယ်။ ဘယ်ရီကတ် ဦးထုပ်မှာ အနားကွပ်မပါဘဲ ခေါင်းမှာဆောင်းထားရင် ပြားချပ်ချပ်နဲ့ဖြစ်ပါတယ်။ ဘယ်ရီကတ် ဦးထုပ်တွေက ချစ်စရာကောင်းတဲ့ မိန်းကလေးအသွင် ဖန်တီးရာမှာ အဆင်ပြေသလို ခပ်မိုက်မိုက်ဒီဇိုင်းမျိုးနဲ့လည်း တွဲဖက်လို့ရနိုင်တဲ့ အရာလေးတွေပါ။ ဒီဦးထုပ်လေးကို တစ်ဆက်တည်းဂါဝန်၊ Pencil စကတ်နှင့် Pantsuits နှင့် ဆင်မြန်းလို့ရပါတယ်။
၎။ Cowboy
ဒီကောင်းဘွိုင်ဦးထုပ်လေးတွေဟာ မက္ကစီကို တောင်ပိုင်းပြည်နယ်များရှိ မွေးမြူရေးခြံလုပ်သားများ ပထမဆုံးစတင်ဝတ်ဆင်ခဲ့တဲ့ ဦးထုပ်ဖြစ်ပါတယ်။တဖြည်းဖြည်းချင်း အမျိုးသမီးတွေကလည်း လိုက်ဆောင်းလာခဲ့ပါတယ်။ ဖလန်နယ်ရှပ်အကျီ င်္လေးရယ်၊ ဂျင်းဘောင်းဘီလေးရယ် ဘွတ်ဖိနပ်တစ်ရံရယ်ဟာ ကောင်းဘွိုင်ဦးထုပ်နှင့် လိုက်ဖက်တဲ့ ဖက်ရှင်ပါ။
၅။ Baseball
Baseball (ဘေ့စ်ဘော) ဦးထုပ်တွေကို အမျိုးသားကော အမျိုးသမီးပါ အသုံးအများဆုံး ဦးထုပ်ဖြစ်ပါတယ်။ ဘေ့စ်ဘောဦးထုပ်ရဲ့ ဒီဇိုင်းရည်ရွယ်ချက်က အားကစား ကစားနေစဉ် အပူနှင့် နေရောင်ခြည်မှ ကာကွယ်ပေးဖို့အတွက် စိတ်ကူးနှင့် ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ဘေ့စ်ဘော ဦးထုပ်လေးတွေကို ဆွယ်တာအကျီ င်္၊ဂျင်းဘောင်းဘီရှည်နှင့် တွဲဖက်ဝတ်ဆင်နိုင်သလို ဂျင်းဘောင်းဘီအတိုနှင့်လည်း ဝတ်ဆင်လို့ရပါတယ်။ တီရှပ်ဂါဝန်နဲ့ပဲဖြစ်ဖြစ်၊ လည်သာဂျာကင်နဲ့ဖြစ်ဖြစ် လိုက်ဖက်ပါတယ်။
၆။ Sun Hats
Sun Hats တွေကို ကမ်းခြေမှာထိုင်စောင့်ရတဲ့ ရေကူးအသက်ကယ်သမားတွေ နေလောင်ခြင်းနှင့်အပူဒဏ်မှ ကာကွယ်ပေးဖို့ အသုံးပြုကြတာကြောင့် အသက်ကယ်သမားဦးထုပ်လို့ ခေါ်ကြပါတယ်။ ဒါကိုအများအားဖြင့် နှီး၊ အပင်တစ်ချို့က အမျှင်တွေနဲ့ ပြုလုပ်ကြပြီး တော်တော်လေးကို ပေါ့ပါးပါတယ်။ ကမ်းခြေသွားတဲ့ အခါဆောင်းလေ့ရှိကြတာကြောင့် ရေကူးဝတ်စုံ၊ အပွင့်ဆင်ဂါဝန်လေးတွေ၊ နွေရာသီ ဝတ်စုံအေးအေးလေးတွေနဲ့ လိုက်ဖက်ပါတယ်။
၇။ Floppy Hat
ဖလော်ပီဦးထုပ်လေးတွေကတော့ Bohemian နှင့် Hippie ယဉ်ကျေးမှုရဲ့ ကြီးမားသော အစိတ်အပိင်းတစ်ခု ဖြစ်ပါတယ်။ ဒီဦးထုပ်ကို ဆံပင်အရှည်နှင့် ကက်စကိတ်ဆံပင်ကောက်ထားတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့အသွင်အပြင်ကို ကြည့်ကောင်းစေဖို့ accessory တစ်ခုအဖြစ် ဝတ်ဆင်ကြတာပါ။ ဒီဦးထုပ်တွေကို Playsuits၊ အပွင့်ဂါဝန်၊ ဂျင်းဘောင်းဘီ သို့မဟုတ် ပေါ့ပေါ့ပါးပါး နွေရာသီဝတ်စုံလေးတွေနဲ့ ဆင်မြန်းနိုင်းပါတယ်။
၈။ Derby Hat
ဒါဘီဦးထုပ်တွေကို အင်္ဂလိပ်တွေရဲ့အထင်ကရဦးထုပ်အဖြစ် လူသိများကြပါတယ်။ ၁၈၀၀ခုနှစ်လောက်မှာ bowler hat(ဘောလုံးပစ်သူ ဦးထုပ်) လို့ခေါ်ကြပါတယ်။ အင်္ဂလန်က အမျိုးသမီးတွေ အထင်ကရဆောင်းခဲ့ကြပြီး ကမ္ဘာ့ဖက်ရှင်ရေစီးကြောင်းအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။ အင်္ဂလန်မှာ ဝါးတားပိုလိုအားကစားကိုသွားတဲ့ အမျိုးသမီးများသည် အခမ်းအနားဝတ်စုံနှင့်အတူ ဒီဦးထုပ်ကို ဝတ်ဆင်ကြပါတယ်။ဗြိတိန်အမျိုးသမီးတွေ ဝတ်ဆင်လေ့ရှိတဲ့ အခမ်းအနားဝတ်စုံ၊ ပုလဲလည်ဆွဲ၊ လက်ကိုင်အိတ်တစ်လုံးနှင့် ဒီဒါဘီဦးထုပ်က ပြီးပြည့်စုံတဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ ဒီ ဦးထုပ်ဖက်ရှင် အဆန်းတွေကို ကြိုက်တယ်ဆိုရင်တော့ ဗြိတိန်တော်ဝင်မိသားစုဝင် အမျိုးသမီးတွေ ကို စံနမူနာ ယူပြီး ကြည့်ရမှာပါ။
၉။ Cloche Hat
Cloche ဦးထုပ်လေးတွေကို ၁၉ရာစုအစောပိုင်း ပြင်သစ်မှာ လူကြိုက်များခဲ့ပါတယ်။ ဦးထုပ်ပုံစံဟာ အနားပြန့်တိုပြီး ဆောင်းထားရင် ရှည်လမျောနှင့် ခပ်ကျပ်ကျပ်ပုံစံရှိပါတယ်။ ဒီဦးထုပ်လေးတွေကို bodycon ဂါဝန် သို့မဟုတ်၊ အခမ်းအနားပွဲတတ်ဝတ်စုံတွေနဲ့ ဝတ်ဆင်နိုင်ပါတယ်။
၁၀။ Golf/Flat Cap
ဂေါက်သီးရိုက် ကတ်ဦးထုပ်လေးတွေဟာ ခေတ်ပေါ်စတိုင်တစ်ခုဖြစ်ပါတယ်။ ၁၄ရာစုလောက်က အင်္ဂလန်မြောက်ပိုင်းမှာ ဒီဦးထုပ်ကို အမျိုးသားတွေ စတင်ဆောင်းခဲ့ကြတယ်လို့ သိရပါတယ်။ ယခုအခါမှာ ဂေါက်ရိုက်တဲ့အခါ ဆောင်းတဲ့ ဒီဦးထုပ်လေးတွေကို အမျိုးသားကော၊ အမျိုးသမီးတွေပါ ဖက်ရှင်တစ်ခုအဖြစ် ဆောင်းကြတာဖြစ်ပါတယ်။ အနက်ရောင် Flat Cap ဦးထုပ်လေးကို အဖြူရောင် သိုးမွှေးဇာထိုးဆွယ်တာလေးနဲ့ ဝတ်ဆင်လို့ရသလို ဂျင်းဘောင်းဘီနှင့် ဂျာကင်နဲ့ပါ တွဲဖက်ဝတ်ဆင်လို့ရပါတယ်။
Source:Life Style Myanmar