အင်္ကျီတစ်ထည်မှာ လက်တွေကြောင့် ပိုလှသွားတာ ရှိသလို ပုံမလာ ဖြစ်သွားရတာတွေလည်း ရှိတတ်ပါတယ်။
လက်ဟာ ပက်တန် ဖြတ်တဲ့ကိစ္စရဲ့ အထူးတလည် သီးသန့်အပိုင်း တစ်ခု ဖြစ်ပါတယ်။
တကယ်လို့ အင်္ကျီနဲ့ တစ်ဆက်တည်း ဖြစ်နေရင် laid-on sleeve လို့ ခေါ်ကြပြီး လက်ပေါက်နေရာမှာ လာတွဲပြီး ဆက်တယ်ဆိုရင်တော့ set-in sleeve လို့ ခေါ်ကြတယ်။
အ၀တ်အစားမှာ တခြားဘာဒီဇိုင်း ကွန့်ထားတာမှ မပါသော်လည်း လက်တွေကို စိတ်ဝင်စားစရာကောင်းအောင် ဒီဇိုင်းကွန့်မြူးပေးထားလိုက်ရင် တစ်မူထူးနေတဲ့ အမြင်ကို အ၀တ်အစားမှာ တွေ့မြင်ကြရတယ်။
လက်အတွက် အခြေခံဘလောက်က အပိုင်းတစ်ခုပဲ ပါတယ်။ အဲဒီမှာ အမျိုးမျိုး ဖန်တီးကြတာမှာ အခြေခံ ၆ မျိုး ပုံတွေကို ဖော်ပြပေးထားပါတယ်။
Peak sleeve.
Cap sleeve.
Leg o’ mutton sleeve.
Juliet sleeve.
Trumpet sleeve.
Bishop sleeve.

အပိုင်း တစ်ပိုင်းတည်း ပါတဲ့ one-piece block ကနေ လက်တွေအတွက် ဘလောက် အမျိုးမျိုး ဖန်တီးယူကြတယ်။ အပိုင်းနှစ်ပိုင်းပါတဲ့ လက် ဘလောက်၊ အင်္ကျီနဲ့ တစ်ဆက်တည်း ဖြစ်နေတဲ့ laid-on sleeve စသဖြင့် လုပ်ကိုင်ကြတယ်။
ပခုံးလျှောလက်မောင်းဆက် raglan
ကီမိုနို (လင်းနို့တောင်ပံ) kimono(batwing)
အပေါ်ဝတ်ရုံ dolman
စတဲ့ဒီဇိုင်းတွေရဲ့ အခြေခံဘလောက်တွေကို ဖော်ပြပေးထားပါတယ်။
set-in sleeve
လက်မောင်းအရင်း ပခုံးစွန်း လက်ပေါက်မှာ လက်ကို လာတွဲဆက်တဲ့ set-in sleeve အတွက် အင်္ကျီရဲ့ လက်ပေါက် အတိုင်းအတာ မသိမဖြစ် သိဖို့ လိုတယ်။ ဒီတော့ သေချာအောင် အင်္ကျီရဲ့ ရှေ့ခြမ်းနဲ့ နောက်ခြမ်းတို့ကို စိတ်တိုင်းကျ ဒီဇိုင်းထုတ် ဘလောက် ထုတ်ပြီးပြီဆိုမှ လက်ကို စကိုင်ကြတယ်။
အဲဒီမှာ ချောင်ချိမှု ease ကို ထည့်ပေါင်းပေးထားလိုက်ကြတယ်။
ease ပါမှ ၀တ်ထားတဲ့သူ သက်သောင့်သက်သာ ရှိတယ်။ လှုပ်ရှားရတာ အဆင်ပြေတယ်။ အဲဒါကြောင့် ပက်တန်ကို ပုံဖော်တဲ့အခါ ease ကို မပါမဖြစ် ထည့်ပေးလိုက်ကြတယ်။ အဲဒီ ease ပါမှလည်း လက်ပေါက်မှာ လက်ကို တပ်ဆင်တဲ့အခါ အဆင်ပြေပြေနဲ့ လက်က လက်ပေါ်မှာ နေရာတကျ ဖြစ်တယ်။
အဲဒီ ease က အင်္ကျီအံကိုက်ဖြစ်ပြီး ၀တ်ထားရတာ အဆင်ပြေအောင် လုပ်ပေးတယ်။ အင်္ကျီတစ်ထည်လုံးရဲ့ ပုံထွက်ကိုလည်း ဖော်ကျူးပေးတယ်။
ပုံမှာ ease ကို နမူနာ ထည့်ပြပေးထားတယ်။
အဲဒီမှာ ease ထည့်ပုံ မူကွဲတွေလည်း ရှိတယ်။ တချို့ set-in sleeve ဒီဇိုင်းတွေမှာ ease ကို ပခုံးတစ်ဝိုက်မှာ ထည့်ပေးလိုက်ပြီး ပခုံးစွန်းမှာ ကွေးခုံးနေတဲ့ပုံပန်းကို ထွက်ပေါ်စေတယ်။
လက်ကို အင်္ကျီလက်ပေါက်မှာ အထိုင်ချတာမှာ အင်္ကျီဘေးချုပ်ရိုးနဲ့ အတိအကျ တည့်တည့်မှာ ဖြစ်နေရင်ဖြစ်ဖြစ်၊ ရှေ့ခြမ်းဘက် နည်းနည်းလေး ရောက်နေရင်ဖြစ်ဖြစ် အထိုင်ကျတယ်။ အဆင်ပြေတယ်။


အခြေခံ ၁ ပိုင်း လက် နဲ့ အခြေခံ ၂ ပိုင်း လက်
*********
အပိုင်း တစ်ပိုင်းတည်းနဲ့ အပြီးအစီး လုပ်တဲ့ လက်နဲ့ အပိုင်း နှစ်ပိုင်းခွဲပြီး လုပ်တဲ့လက် မတူကြဘူး။
တစ်ပိုင်းတည်းနဲ့ ချုပ်တဲ့ လက်မှာ ချုပ်ရိုးတစ်ကြောင်းပဲ ပြေးတယ်။ လက်ကို ရှေ့ဘက် ဆန့်တန်းလိုက်ရင် လက်အောက်ဘက်နေရာမှာ ရှိတယ်။ အင်္ကျီဘေးချုပ်ရိုးနဲ့ တည့်တည့်တန်းတန်း နေရာပေါ့။ ဒီတော့ လက်ကို အောက်ချထားရင် ချုပ်ရိုးကို မမြင်ရဘူး။ ကွယ်ရာမှာ ရောက်နေတယ်။
အပိုင်း ၂ ပိုင်းပါတဲ့ လက်မှာတော့ ချုပ်ရိုး ၂ နေရာပါတယ်။ နှစ်ပိုင်း ဆက်တဲ့လက်က ရှေ့ဘက်ကို နည်းနည်းလေး ကွေးပေးထားတယ်။ လူ့လက်က တန်းလန်းချထားရင် ရှေ့ဘက်ကို နည်းနည်းလေး ကွေးထားတာနဲ့ အံကိုက်ပဲ။
အဲဒီလို အံကိုက်ဖြစ်တာမှာ ၂ပိုင်းက ပိုကောင်းပေမဲ့ များသောအားဖြင့် ၁ ပိုင်းနဲ့ပဲ ချုပ်ကြတာ များပါတယ်။

laid-on sleeve
***********
အင်္ကျီနဲ့ တစ်ပါတည်း ထည့်ပေးထားတဲ့ လက် ဖြစ်ပါတယ်။ လက်ပေါက်ရဲ့ အပိုင်းတစ်ခုအဖြစ် ထည့်ပေးထားတယ်။
အသုံးများတဲ့နည်းကတော့ ပခုံးထောင့်စွန်းကနေ လက်ကောက်ဝတ်အထိ ၁ ပိုင်း လက်ကို တပ်ပေးလိုက်တယ်။ ရှေ့ခြမ်းအပိုင်းနဲ့နောက်ခြမ်းအပိုင်း တို့အဖြစ် ထည့်ပေးတယ်။
နောက်တစ်ဆင့်မှာ လက်ရဲ့ ရှေ့ခြမ်းအပိုင်းကို အင်္ကျီရဲ့ ရှေ့ပခုံးနဲ့ ညှိတယ်။ လက်ရဲ့ နောက်အခြမ်းကိုလည်း အင်္ကျီရဲ့ နောက်ပခုံးနဲ့ ညှိတယ်။
အဲဒီကိစ္စပြီးသွားရင် လက်ကို ကစားပြီး စတိုင်ထုတ်တယ်။ ကီမိုနို( လင်းနို့တောင်ပံ)၊ ပခုံးလျှောလက်မောင်းဆက်၊ အပေါ်ရုံထည်၊ အပိုးအထပ် တို့ ဖန်တီးတယ်။
အခုလို လက်ကို အင်္ကျီမှာ တစ်ဆက်တည်း ခင်းတဲ့အခါ အစောင်းထောင့်ကို အမျိုးမျိုး ကစားပေးကြတယ်။ အစောင်းထောင့် ပိုကြီးရင် အထည်သား ပိုကုန်မယ်။ ဒါပေမဲ့ လက်လှုပ်ရှားမှုအတွက် ပိုကောင်းနေစေတယ်။ အဓိကအားဖြင့် လက်မြှောက်ဖို့ ပိုကောင်းတယ်။ အဲဒါကို ပိုကောင်းချင်သေးတယ်ဆိုရင် အပိုးအထပ် ထည့်ပေးလိုက်ကြတယ်။ အဲဒါက ရှည်မျောမျော ဒိုင်းမွန်းပုံဖြစ်ပြီး လက်ရဲ့ အောက်ဘက် ချိုင်းနေရာမှာ ပိုးပေးလိုက်ကြတာ ဖြစ်ပါတယ်။

Kimono sleeve
***********
ဂျပန် ရိုးရာ ကီမိုနိုစတိုင်နဲ့ အတူတူလို ဖြစ်နေတာမို့ ကီမိုနိုလက်လို့ ခေါ်ကြတယ်။ လင်းနို့ရဲ့ တောင်ပံနဲ့တူလို့ လင်းနို့တောင်ပံလို့လည်း ခေါ်ကြတယ်။ လက်အတွင်းဘက်မှာ ချုပ်ရိုးပြေးတာ ရှိသလို အပြင်ဘက်ခြမ်းမှာ ပြေးတာလည်း ရှိတယ်။

raglan
********
ပခုံးလျှောလက်မောင်းဆက် ဒီဇိုင်း ဖြစ်ပါတယ်။
အဲဒီလို ပခုံးလျှောလက်မောင်းဆက် ဒီဇိုင်းကို raglan လို့ အမည်တွင်တာ သမိုင်းကြောင်း ရှိတယ်။
၁၈၅၃ ခုနှစ်ဝန်းကျင်မှာ ဗြိတိသျှ စစ်တပ်က ရုရှားနဲ့ စစ်တိုက်တယ်။ ဗြိတိသျှ စစ်တပ်မှာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Lord Raglan က တိုက်ပွဲမှာ ယာဘက် လက်မောင်းဒဏ်ရာ ရတယ်။ ဒီတော့ ဖြတ်တောက်ကုသလိုက်ရတယ်။ သူ ၀တ်ဖို့ ပခုံးလျှောနေတဲ့ ဒီဇိုင်းဖြင့် အပေါ်ကုတ်အင်္ကျီရဲ့ လက်ကို ဒီဇိုင်းထွင်ပြီး ချုပ်ပေးတယ်။ အဲဒီမှာ ပခုံးလျှောလက်မောင်းဆက် ဒီဇိုင်း ဖြစ်ပေါ်လာခဲ့ပြီး သူ့အမည်ကို အစွဲပြုလို့ raglan လို့ အမည်တွင်တယ်။

အခုခေတ်မှာတော့ တီရှပ် လက်ရှည် ပခုံးလျှောတွေ အတွေ့ရ များပါတယ်။

dolman
*********
နောက်ကျောဘက်က ကြည့်ရင် အပေါ်ဝတ်ရုံလို ဖြစ်နေတယ်။
နောက်ဘက်ခြမ်းမှာ ချိုင်းပေါက်ကို နိမ့်ထားတယ်။
ရှေ့ဘက်မှာ လက် လာတွဲဆက်တဲ့ set-in sleeve တပ်ဆင်တယ်။
ပြောပြလာလိုက်တာ တော်တော်ရှည်လျားနေပြီ။
၁ပိုင်းလက် ဘလောက် one-piece sleeve block ကို အမျိုးမျိုး ကြံဆပြီး ကစားကြတာကို တင်ပြပြီး နိဂုံးချုပ်ပါတယ်။
ပခုံးစွန်း ဖောင်းပွလက် ၊ ထပ်တွန့်လက် ဖောင်းပွ ၊ ထပ်တွန့် လက်ခေါင်းပိုင်း ဘလောက်နဲ့ ပက်တန် Hugo Boss, S/S 08 နမူနာတို့ကို ဖော်ပြပေးထားပါတယ်။







