အမေရိကန် လူဖြူအမျိုးသမီးတစ်ဦးက တရုတ်ရိုးရာ အ၀တ်အစားကို ၀တ်ဆင်ပြီး ဆိုရှယ်မီဒီယာတွစ်တာမှာ တင်လိုက်တာ ပွဲဆူသွားတယ်။
ယဉ်ကျေးမှုဆီလျော်ခြင်း ရှိမရှိဆိုတာကို ကမ္ဘာတစ်လွှားမှ ပါဝင်ငြင်းခုံကြပြီး ပွဲဆူသွားတာ ဖြစ်ပါတယ်။
ဖြစ်ပုံက ဒီလိုပါတဲ့။
အမေရိကမှ လူဖြူတစ်ဦးဖြစ်သူ အထက်တန်းကျောင်းသူ ကီဇီယာ ဒိုမင်က တရုတ်ရိုးရာ အ၀တ်အစား ချုံစံ အနီရောင်ကို ၀တ်စားဆင်ယင်ပြီး ကျောင်းမှာ ကျင်းပတဲ့ ပွဲကို သွားခဲ့တယ်။ ပြီးတဲ့အခါ ဆိုရှယ်မီဒီယာမှာ ပုံတွေ တင်ကြတာ ထုံးစံမို့ ကီဇီယာကလည်း ပုံတွေကို တွစ်တာမှာ တင်ခဲ့ပါတယ်။
ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းပါ။ တရုတ်ယဉ်ကျေးမှု သြဇာခံ မဖြစ်စေနဲ့ ပြောဆိုသံတွေ ဆိုရှယ်မီဒီယာမှာ ပွဲဆူသွားခဲ့ပါတယ်။
အခုလို လူဖြူကျောင်းသူတစ်ဦးက ကျောင်းမှာ တရုတ်သင်္ကေတလို့ ဆိုရမယ့် အ၀တ်အစားကို ၀တ်ဆင်တာအတွက် ဝေဖန်ရှုံ့ချတာတွေ ထွက်ပေါ်လာခဲ့ပါတယ်။
တရုတ်လူနည်းစုကို ချိုးနှိမ်တဲ့ ခွဲခြားနှိမ်ချဆက်ဆံခြင်းအပေါ် တုံ့ပြန်သံတွေလည်း ထွက်ပေါ်လာပါတယ်။ အခြားတစ်ဖက်မှာတော့ ကီဇီယာကို ထောက်ခံပြောဆိုသူတွေ ရှိနေပါတယ်။
တကယ်တော့ ချုံစံကို အမေရိကန်အမျိုးသမီးတွေက ၀တ်ဆင်လေ့ ရှိကြပေမဲ့ ဆိုရှယ်မီဒီယာ မရှိခင်က ပျံ့နှံ့သိရှိသူ နည်းတာကြောင့် ပြဿနာ အထွေအထူး မရှိခဲ့ပါဘူး။ တရုတ်လူမျိုးကို မုန်းတီးသူတွေရဲ့ တိုက်ခိုက်မှုလည်း မပေါ်ပေါက်ခဲ့ပါဘူး။
ချုံစံကို ဟောင်ကောင်နဲ့ ရှန်ဟိုင်းတို့မှာ အနောက်တိုင်းသူ ကိုယ်လုံးကိုယ်ထည်ဖြင့် ၀တ်ဆင်ရင် အဆင်ပြေအောင် ချုပ်လုပ်ပြီး အမေရိကနဲ့ အီးယူတို့ကို တင်ပို့ကြပါတယ်။ ဒါကြောင့်လည်း ကီဇီယာက အလွယ်တကူ ၀ယ်ယူဝတ်ဆင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ချုံစံကို တရုတ်လို ကီပေးလို့ ခေါ်ကြတယ်။ ရိုးရာဝတ်စုံကို ခေတ်ဆန်အောင် ပြန်ဒီဇိုင်းထုတ်ပြီး ၀တ်စားဆင်ယင်ကြတယ်။ အထက်အောက် တစ်ဆက်တည်းဖြစ်ပြီး အောက်ပိုင်းမှာ ပေါင်ရင်းနားအထိ ခွဲပေးထားတယ်။ ၁၉၂၀ ပြည့်နှစ်လွန်ကာလမှ တရုတ်ပြည်မှာ ရေပန်းစားခဲ့တယ်။ လူမှုအထက်တန်းလွှာအထိ ၀တ်စားဆင်ယင်ကြတယ်။ ၁၉၄၀ ပြည့်နှစ်လွန်ကာလမှာတော့ ပွဲတက်မှ ၀တ်ကြတာ မဟုတ်တော့ဘဲ နေ့စဉ် ၀တ်ဆင်ကြတဲ့အထိ ချုံစံ နေရာရခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်လွန်မှာတော့ ကွန်မြူနစ်တွေ အစိုးရဖြစ်လာပြီး ခေါင်းဆောင်ကြီး မော်စီတုံးရဲ့ မူအရ အထက်တစ်ထည်အောက်တစ်ထည် နှစ်ပိုင်းခွဲထားတဲ့ အင်္ကျီနဲ့ ဘောင်းဘီအပွရှည်ကိုပဲ တရုတ်အမျိုးသမီးတွေ ၀တ်ကြရလို့ ချုံစံ တိမ်မြှုပ်သွားတယ်။ အဲဒီခေတ်က တူညီဝတ်စုံကို မော်ဝတ်စုံလို့ ခေါ်ကြတယ်။ အပေအတေခံ အကြမ်းခံတဲ့ ဖျင်ကြမ်းထူထူ အပြာရင့်ရောင် အထည်သားဖြင့် ချုပ်ပေးထားတာ ဖြစ်ပါတယ်။ အလုပ်သမားဝတ်စုံမျိုး ဖြစ်ပါတယ်။
၁၉၆၀ ပြည့်နှစ်လွန်ကာလမှာ ဟောင်ကောင်မှာ ချုံစံ ပြန်ခေတ်စားလာခဲ့ပြီး နောက်တော့ ပိုကြည့်ကောင်းအောင် ဖက်ရှင်ဒီဇိုင်းထွင်ကြတယ်။ အရင်လို ခပ်ပွပွ မဟုတ်တော့ဘဲ ကိုယ်ခန္ဓာ အကွေးအကောက်၊ အဖုအချိုင့်တွေနဲ အံကိုက်ဖြစ်အောင် ဒီဇိုင်းထုတ်ပေးထားလို့ ကိုယ်ခန္ဓာအချိုးအစား အလှ ပိုပေါ်လွင်တယ်။ အောက်ခြေပိုင်းမှာ မြေကြီးဒရွတ်မတိုက်အော် တိုပေးလိုက်ကြလို့ ခပ်သုတ်သုတ် လမ်းလျှောက်ရတဲ့ မြို့ပြနေ့စဉ် သွားလာမှုအတွက် အဆင်ပြေသွားတယ်။