ယနေ့ခေတ်ရဲ့ ပြည်တွင်းဖက်ရှင်လောကမှာ မြန်မာဝတ်စုံများ၊ တိုင်းရင်းသား ရိုးရာ ၀တ်စုံများကို ဖက်ရှင်ကျကျချုပ်လုပ်ကာ ၀တ်ဆင်မှုများရှိလာကြသလို အမျိုးသမီးလေးများကလည်း ကိုရီးယားသူလေးများလို Crop Top ဟုခေါ်တဲ့ အကျီင်္ ခါးတိုလေးများကို လုံခြည်နဲ့ ဖြစ်စေ၊ စကပ်တို ဘောင်းဘီတို ဘောင်းဘီရှည်များနဲ့ ဖြစ်စေ တွဲဖက်ဝတ်ဆင်လာကြတာကို တွေ့ရပါတယ်။
ဖက်ရှင်ရေစီးကြောင်းကလည်း အခုချိန်ခါမှာ ကမ္ဘာကြီး ရွာဆန်လာမှု၊ ဆိုရှယ်မီဒီယာ အားကောင်းမှု ၊ အိုင်ဒီယာတွေ အားကောင်းလာမှုတို့ကြောင့်ပဲ အရင်ကထက် ပိုမိုမြန်ဆန်စွာပင် စီးဆင်းနေပါတယ်။ ဖက်ရှင်ရေစီးကြောင်းနောက် လိုက်သူတွေအတွက်ကတော့ အသစ်အသစ်တွေရော လက်ရှိခေတ်စားနေတဲ့ဖက်ရှင်တွေ အပေါ်ပါ လက်လွတ်မခံဘဲ လိုက်နေတတ်ကြပါတယ်။
ဖက်ရှင်ကျကျဝတ်ဆင်တတ်ဖို့ကတော့ လိုအပ်နေတဲ့အရာတစ်ခုဖြစ်ပေမဲ့လည်း လွန်သွားရင်လည်းရုပ်ပျက်နိုင်စေပါတယ်။ ဖက်ရှင်နဲ့ ဆက်စပ်ပြီးတော့ ရာသီဥတုအခြေအနေနဲ့ လိုက်ဖက်ရဲ့လား၊ ကိုယ့်ကျန်းမာရေးနဲ့ အဆင်ပြေရဲ့လား ကိုယ့်အသားအရေနဲ့လိုက်ဖက်ရဲ့လား သင့်တော်ရဲ့လား ဆိုတာကို အရင်ဆုံး စဉ်စားဖို့လိုပါတယ်။သင်ဟာ အရပ်မြင့်လွန်းနေသူတစ်ယောက်ဖြစ်မယ်ဆိုရင် ဖိနပ်မြင့်မြင့်တွေ စီးမဲ့အစား အတော်အသင့်ဒေါက်နဲ့ လှပတဲ့ဒီဇိုင်းလေးတွေကိုရွေးချယ်ပြီး စီးသင့်ပါတယ်.။ ဘာကြောင့်လဲ ဆိုတော့ သင်ရွေးချယ်မိတဲ့ ဖိနပ်မြင့်မြင့်တွေက လူတွေကြားထဲရောက်တဲ့အခါမှာ စိုးရိမ်စိတ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျက်ယွင်းစေနိုင်လို့ပါ။ သင်ဟာ ဗိုက်မချပ်သူတစ်ယောက်ဆိုရင်တော့ အခုခေတ်စားနေတဲ့ ခါးတိုအကျီင်္ ၀တ်ဖို့ အခက်အခဲဖြစ်စေနိုင်ပါတယ်။ ရာသီဥတုပူလွန်းနေချိန်မှာ ဂျင်းအထူလိုမျိုးတွေ ၀တ်ဆင်ခဲ့မိရင်လည်း အဆင်မပြေပါဘူး။ အချိန်အခါကိုလိုက်ပြီးတော့ ဖက်ရှင်ကျကျ ၀တ်ဆင်ဖို့အတွက်လည်း လိုပါတယ်။
ဖက်ရှင်ကျကျ နေထိုင်ချင်သူတစ်ယောက်ဖြစ်ချင်ရင်တော့ ၀တ်ပုံစားပုံသာမကဘဲ သင့်ရဲ့ ကျန်းမာရေး၊ အသားအရေကိုပါ ထိန်းသိမ်းဖို့လိုလာပါပြီ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေစားဖို့ ၊ အသားအရေထိန်းသိမ်းမှုတွေလုပ်ဆောင်ဖို့ ၊ မပိန်လွန်း၊ မ၀လွန်း အောင်နေထိုင်ဖို့ လိုပါတယ်။ ဖက်ရှင်ကျကျလှနေချင်ရင်တော့ သင့်အသားအရေနဲ့ ခန္ဒာကိုယ်ကိုပါ ထိန်းသိမ်းဖို့အတွက် လိုအပ်လှပါတယ်။
ဖက်ရှင်လို့ပြောလိုက်တာနဲ့ အ၀တ်အစားဒီဇိုင်းတွေအပြင် နေပုံထိုင်ပုံပါ ဖက်ရှင်ကျကျလှနေဖို့ လိုပါတယ်။ အ၀တ်အစားဒီဇိုင်းတွေက လှပနေပေမယ့်လည်း နေပုံထိုင်ပုံ မတတ်ရင်ဖြစ်ဖြစ် ပြောဆိုဆက်ဆံပုံ လွဲနေရင်တော့ တခြားသူတွေရဲ့ အမြင်မှာ တစ်မျိုးနဲ့ မြင်စေနိုင်ပါတယ်။ ဖက်ရှင်နောက်ကို လိုက်ရတာဟာ ငွေကုန်ကြေးကျများနိုင်တာကြောင့် ငွေကြေး မတတ်နိုင်သူတွေအတွက်ကတော့ ရိုးရိုးလေး ဒီဇိုင်းနဲ့လည်း ဖက်ရှင်ကျကျ နေလို့ရပါသေးတယ်။ တချို့အရာတွေကတော့ ရိုးနေပေမဲ့ ဆန်းတယ် ဆိုတာ စကားရပ်နဲ့အညီ အဆန်းတကျယ်ထွင်စရာမလိုဘဲ အိုင်ဒီယာကောင်းရင်ကိုပဲ ဖက်ရှင်ကျသွားစေနိုင်ပါတယ်။
မြန်မာဝတ်စုံတွေကတော့ ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ ဖက်ရှင်တစ်ခုပါပဲ..။ ခေတ်တွေပြောင်းလဲသွားတာကြောင့် ဒီဇိုင်းနည်းနည်းပြောင်းသွားနိုင်ပေမဲ့ မူရင်းမြန်မာ့ရိုးရာ ယဉ်ကျေးမှုဝတ်စုံကတော့ မပြောင်းလဲနိုင်ပါဘူး။ ပွဲတက်ကြမယ်ဆိုရင်တောင် အရင်ဆုံးဝတ်ဖို့ စဉ်းစားမိကြတာကတော့ မြန်မာရိုးရာ ၀တ်စုံတွေပဲ ဖြစ်နေလို့ပါပဲ။မြန်မာဝတ်စုံတွေကို ဒီဇိုင်းထွင်ပြီး ဆန်းသစ်စွာ ချုပ်လုပ်ဝတ်ဆင်လာကြတာလဲ တွေ့ရပါတယ်။ မြန်မာ ၀တ်စုံတွေဝတ်ဆင်ရတာလုံခြုံပြီး ကိုယ်ကိုယ်လဲ ယုံကြည်မှုရှိစေပါတယ်။
နာမည်ကျော်ကြားသူတွေဆိုရင်တော့ ဘယ်လိုနေ ဘယ်လိုထိုင် ဘယ်လိုအ၀တ်အစား တွေဝတ်ဆင်ရမယ်ဆိုတဲ့ ဆံစကအစ ခြေထောက်အဆုံး အကြံဥာဏ်ပေးတဲ့ Stylist လို့ခေါ်တဲ့ပညာရှင်တွေပါ ထားလာကြပါပြီ။ မြန်မာနိုင်ငံမှာလည်း Stylist က အနုပညာနယ်ပယ်ထဲမှာ ရေပန်းစားလာပါပြီ။
ဖက်ရှင်ကျကျလှနေရင်တော့ သင်စိတ်ကျေနပ်မှုလည်း ရှိနေတာကြောင့် လူအများကြားမှာ ပြောဆိုဆက်ဆံမှုလည်း အဆင်ပြေစေနိုင်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာစေနိုင်ပါတယ်။ သင့်ရဲ့ အိုင်ဒီယာ ကောင်းကောင်းလေးနဲ့ ဖြစ်ဖြစ် သင့်မှာ ဖက်ရှင်နဲ့ ပတ်သက်လို့ အမြင်မရှိရင်တော့ ကျွမ်းကျင်သူတွေထံ အပ်နှံပြီး စိတ်ရော ကိုယ်ပါ ဖက်ရှင်ရေစီးကြောင်းနဲ့ မျောနိုင်ပါကြောင်း။