အ၀တ်အစား အပေါ်အောက် တစ်စုံကို စတိုင်လ်မပြောင်းမလဲ တစ်နေ့လာလည်း ဒါပဲ ၀တ်တယ်။ နောက်တစ်နေ့လာလည်း
ဒါပဲ ၀တ်နေတယ်ဆိုရင် ‘ဒါဝတ်’ လို့ အမည်ပေးကြတယ်။ ဒီတော့ အဲဒီ ဖက်ရှင်ဟာ ပင်တိုင် ၀တ်နေတဲ့ ဒါဝတ် ဖက်ရှင်ဖြစ်ပါတယ်။ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေမှာ အဲဒီလိုမျိုး ဒါဝတ် ဖက်ရှင် ရှိကြတယ်။ အဲဒီလူတွေထဲမှ Apple သခင် Steven Jobs ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဒါဝတ်ဖက်ရှင်အကြောင်းကို ဖော်ပြပေးထားပါတယ်။
iPhone ထုတ်လုပ်တဲ့ Apple ကုမ္ပဏီရဲ့ အရှင်သခင် Steven Jobs မှာ ဒါဝတ်ဖက်ရှင် တစ်စုံရှိတယ်။ အပေါ်ပိုင်းကို အနက်ရောင် လက်ရှည်၊ လည်ပင်းအမြင့်အကျပ် လိပ်လည်ပင်း turtleneck ဒီဇိုင်းကို ၀တ်ဆင်တယ်။ ဘောင်းဘီရှည်ကတော့ ဂျင်းဖြစ်ပြီး Levi’s ရဲ့ ဇစ်မပါ ကြယ်သီးတပ် Levi’s 501 အပြာရောင် ဖြစ်ပါတယ်။ ပြီးတော့ Nike ရဲ့ New Balance စနီကာ မီးခိုးရောင် ဖိနပ်ကို တွဲဘက် ၀တ်ဆင်တယ်။
အဲဒီ ဒါဝတ် ဖက်ရှင် ရရှိလာပုံကို သူ့ရဲ့ အတ္ထုပ္ပတ္တိ ရေးသားသူ Walter Issacson က အခုလို ပြောပြထားပါတယ်။
၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှာ ဂျပန်နိုင်ငံကို စတိဂျော့ အလုပ်ကိစ္စနဲ့ သွားရောက်ခဲ့တယ်။ အဲဒီမှာ ဆိုနီကုမ္ပဏီရဲ့ လုပ်ငန်းခွင်ကို သူ လိုက်ကြည့်ပြီး လေ့လာတယ်။ ပြီးတော့ သူက ဆိုနီရဲ့ ဥက္ကဋ္ဌ Akio Morita ကို မေးတယ်။ ကုမ္ပဏီရဲ့ စက်ရုံတွေမှာ လူတိုင်းက ယူနီဖောင်း ၀တ်ထားကြတာ ဘာလို့လဲဆိုတာ သူ မေးတယ်။ ဥက္ကဋ္ဌ Akio Morita က ရှင်းပြတယ်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့အခါ အ၀တ်အစား ရှားပါးနေတယ်။ ဒီတော့ ဆိုနီလို ကုမ္ပဏီတွေက သူတို့ရဲ့ လုပ်သားတွေကို အ၀တ်အစား ဆင်ပေးကြရတယ်။ နေ့တိုင်း ၀တ်ဖို့အဆင်ပြေမယ့် ယူနီဖောင်းမျိုးကို ချုပ်လုပ်ပြီး ပေးထားကြတယ်။ အဲဒီယူနီဖောင်း ၀တ်ကြတဲ့ ဓလေ့ ဖြစ်လာခဲ့ပြီး ယူနီဖောင်းကို ဒီဇိုင်နာလက်ထဲ အလုပ်အပ်နှံပြီး ဒီဇိုင်းထုတ်ခိုင်းကာ ချုပ်လုပ်ကြတဲ့အဖြစ်ကို ရောက်လာတယ်။ ကုမ္ပဏီမှာ လုပ်ကိုင်နေကြသူတွေကလည်း အခုလို ဒီဇိုင်နာနဲ့ ကျကျနန ဒီဇိုင်းထုတ်ပြီး ချုပ်ပေးထားတာမို့ ကျေနပ်ကြတယ်။ ပြီးတော့ ဂုဏ်တစ်ခုလို့ ယူဆကြတယ်။ လုပ်သားတွေအကြား ကုမ္ပဏီအပေါ် သံယောဇဉ်အမျှင် တစ်ခုသဖွယ် ဖြစ်နေပါတော့တယ်လို့ သူက ပြောပြတယ်။
စတိဂျော့က သူ့ရဲ့ Apple ကုမ္ပဏီမှာလည်း အဲဒီလိုမျိုး ကုမ္ပဏီအပေါ် သံယောဇဉ် တွယ်စေတဲ့ဟာမျိုး ရချင်တယ်လို့ ပြောပြတယ်။ ဒီတော့ သူက Apple ကုမ္ပဏီအတွက် ယူနီဖောင်း ချုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ဆိုနီရဲ့ ယူနီဖောင်းကို ဖန်တီးပေးသူက နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ မီယာကီ (Issey Miyake) ဖြစ်ပါတယ်။ စတိဂျော့က မီယာကီကို Apple အတွက် ယူနီဖောင်း ဒီဇိုင်းထုတ်ပြီး ချုပ်လုပ်ပေးဖို့ ပြောတယ်။ ကောပိုရိတ် ယူနီဖောင်းအဖြစ် နိုင်လွန်ဂျက်ကက်တစ်မျိုးကို Issey Miyake က ချုပ်ပေးတယ်။ လက်ရှည် ဂျက်ကက်ရဲ့ လက်တွေကို ဇစ်နဲ့ အင်္ကျီမှာ တွဲပေးထားတယ်။ ဇစ်ဖွင့်ပြီး လက်တွေကို ဖြုတ်ထုတ်လိုက်ရင် ဂျက်ကက်ကနေ ချိုင်းပြတ်အင်္ကျီ ဖြစ်သွားမယ်။
အဲဒီ ဂျက်ကက် နမူနာကို စတိဂျော့က ကုမ္ပဏီဝန်ထမ်းတွေကို ပြသတယ်။ လူတိုင်း တူညီဝတ်စုံအဖြစ် ၀တ်ကြရင် ကောင်းမယ်လို့လည်း သူက တိုက်တွန်းတယ်။ ဒါပေမဲ့ အဲဒီ ဂျက်ကက်ကို ကြိုက်တဲ့သူ မရှိဘူး။ လှောင်ပြောင်တဲ့သူတွေတော့ ရှိတယ်။ အဲဒီ ယူနီဖောင်း စိတ်ကူးကို လူတိုင်းက မုန်းကြတယ်။ ဒီတော့ စတိဂျော့ လက်လျှော့လိုက်ရပါတော့တယ်။
အခုလို ယူနီဖောင်း ချုပ်ခိုင်းပြီးတဲ့နောက်မှ စတိဂျော့နဲ့ ဒီဇိုင်နာ မီယာကီတို့ ခင်မင်သူတွေ ဖြစ်သွားကြတယ်။ မီယာကီဆီကို စတိဂျော့က အလည်အပတ် သွားလည်လေ့ရှိတယ်။ တစ်ရက်မှာတော့ စတိဂျော့က ကုမ္ပဏီအတွက် ယူနီဖောင်းကိစ္စ မအောင်မြင်ပေမဲ သူကိုယ်တိုင် ၀တ်ဆင်ဖို့ ယူနီဖောင်းတော့ လုပ်လို့ရတယ်ဆိုတာ အကြံရတယ်။ နေ့စဉ်နေ့တိုင်း သက်သောင့်သက်သာ ရှိမယ့် ၀တ်စုံမျိုးကို ချုပ်ပေးဖို့ မီယာကီကို ပြောတယ်။ အဲဒီ ၀တ်စုံကို သူ ပင်တိုင် ၀တ်မယ်။ သူ့ရဲ့ ပင်ကိုင်စတိုင်လ်တစ်ခု အဖြစ် လူတွေ သူ့ကို မြင်မယ်။ တစ်နည်းပြောရရင်တော့ အဲဒီ ဖက်ရှင်စတိုင် အ၀တ်အစားဟာ သူ့ရဲ့ ဒါဝတ် ဖက်ရှင် ဖြစ်နေမယ်။
“ဒီတော့ ကျွန်တော်က မီယာကီကို ပြောတယ်။ သူ့ရဲ့ ဖက်ရှင်တွေထဲမှာ turtleneck လည်ပင်းခေါက်ဆွယ်တာ စတိုင်လ် အနက်ရောင်တွေ တချို့ကို ကျွန်တော့အတွက် လုပ်ပေးဖို့ ပြောတယ်။ သူက လုပ်ပေးတယ်။ အထည် ၁၀၀ လုပ်ပေးတယ်”
အဲဒီ အထည် ၁၀၀ ကို စတိဂျော့က အ၀တ်ဘီဒိုထဲမှာ အစီအရီ သိမ်းထားတယ်။
“အဲဒါတွေ တစ်ထည်ပြီး တစ်ထည် ကျွန်တော် ယူဝတ်နေတယ်။ ကျွန်တော့ တစ်သက်တာအတွက် ဖူလုံပြီ”
လို့ သူက ပြောတယ်။
ယူနီဖောင်း ပြောင်းတဲ့ ဖေ့စ်ဘုတ် စီအီးအို
WMA