အက်ရှလီ ဂရာဟမ်ဟာ curved model တစ်ဦးအဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။
curved model ဆိုတာက ၀ဖြိုးတဲ့ plus-size ကိုယ်လုံးကိုယ်ထည် ရှိတဲ့ မော်ဒယ်တွေကို ယခုအခါ သိမ်သိမ်မွေ့မွေ့ဖြင့် ခေါ်ဝေါ်သုံးနှုန်းကြတာ ဖြစ်ပါတယ်။ အမို့အမောက် အကွေးအကောက်တွေ ထင်ရှားတယ် curved လို့ ပြောကြတယ်။
အက်ရှလီ ဂရာဟမ်မှာ အမာခံတပ်တော် ရှိတယ်။ Instargram မှာ follower ၇ ဒဿမ ၂ သန်းကျော် ရှိတယ်။
သူက ပြတ်သားတဲ့အခါတွေ ရှိတယ်။ အထူးသဖြင့် ကိုယ်ခန္ဓာကို အကြောင်းပြုပြီး အရှက်ကွဲအောင် body shaming လုပ်တာတွေကို တွန်းလှန်တယ်။ ၀ဖြိုးတာကို အကြောင်းပြုပြီး fat shaming လုပ်တာကိုလည်း တန်ပြန်တယ်။ တစ်ဖက်သား အသံတိတ်သွားအောင် လုပ်ပစ်တယ်။ တစ်ခါတည်း shut down လုပ်ပလိုက်တယ်။
အဲဒါ ဗိုက်ခေါက်လို့ ခေါ်တယ်
**************
အသက် ၃၀ နှစ် ရှိပြီဖြစ်တဲ့ plus-size စူပါမော်ဒယ် ဂရာဟမ်က ၂၀၁၈ ဇွန်လဆန်းမှာ ပန်းနုရောင် ဘီကီနီဝတ်ပြီး ရိုက်ပြထားတဲ့ ဗီဒီယိုကို Instagram မှာ တင်လိုက်တယ်။ ပင်လယ်ကမ်းခြေ အပန်းဖြေရင်း အခုလို ရိုက်ပြီး တင်လိုက်တာ ဖြစ်ပါတယ်။
သူ့ရဲ့ follower တစ်ဦးက ၀င်မန့်တယ်။ မင်္ဂလာ နံနက်ခင်းပါ အက်ရှလီ။ ကလေးရှိလို့ ဗိုက်ပူနေတာ ကြည့်လို့ ကောင်းတယ်။
ဂရာဟမ်က ကိုယ်ဝန်ဆောင်ထားသူ မဟုတ်ပါဘူး။ ဒီတော့ သူ့ကို အခုလို fat shaming လာလုပ်တာကို ပါးစပ်ပိတ်သွားအောင် ပြန်တုံ့ပြန် မန့်လိုက်တယ်။ “အဲဒါ ဗိုက်ခေါက်ထူတာလို့ ခေါ်တယ်”
မှတ်တိုင်တစ်ခု
***********
ဂရာဟမ်က ၂၀၀၀ ပြည့်နှစ်လွန်မှာ မော်ဒယ်ဘ၀ကို ခံယူခဲ့ပြီးတဲ့နောက်မှာ ကိုယ်ခန္ဓာအပေါ် အကောင်းမြင်ဖို့ ရပ်တည်ခဲ့တယ်။ Sports Illustrated Swimsuit Issue မှာ plus-size model တစ်ဦးကို ပထမဆုံးအဖြစ် ဖော်ပြခံရသူအဖြစ် မှတ်တိုင်စိုက်ထူခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က A New Model: What Confidence, Beauty And Power Really Look Like ဆိုတဲ့ စာအုပ်ကို ရေးသားပြီး ဒီကိစ္စကို တင်ပြခဲ့တယ်။
သူက အီတလီမှ ဖက်ရှင်လုပ်ငန်းတစ်ခု ဖြစ်တဲ့ Max Mara Fashion Group နဲ့ အတူပူးပေါင်းပြီး Marina Rinaldi ဆိုတဲ့ brand ဖြင့် plus-size ဖက်ရှင်တွေ ဖန်တီးထုတ်လုပ်တယ်။ အခုလို plus-size ဖက်ရှင်ကို ကိုယ်တိုင်ကိုယ်ကျဝင်ရောက် လုပ်ကိုင်တာနဲ့ ပတ်သက်လို့ သူက ပြောပြတယ်။
“ကျမနဲ့ တော်တဲ့ဟာ ရှာလို့မတွေ့ဘူး။ ကျမ လိုချင်တာတွေက သေးနေတယ်။ ၀တ်လိုက်ရင် ဖက်ရှင်ကျနေမယ့်ဟာမျိုး မရနိုင်ဘူး ဖြစ်နေတယ်”
သူက ၀ဖြိုးထွားကြိုင်းသူတစ်ဦး ဖြစ်နေလို့ ဖက်ရှင်လှလှ အ၀တ်အစား ၀ယ်ရင် သူနဲ့ တော်တဲ့ အရွယ်အစားကို မရခဲ့ဘူး။
အခန့်ထည်တွေ
*********
အလန်းစားတွေ မရဘူး။ တည်တည်ခံ့ခံ အမျိုးသမီးကြီးတစ်ဦးပုံ ပေါက်နေမယ့်ဟာမျိုးတွေတော့ တွေ့ရတယ်။ အဲဒါတွေက ကိုယ်ခန္ဓာရဲ့ အဖောင်းအကွေးတွေကို ဖုံးကွယ်ပေးထားတဲ့ ဒီဇိုင်းမျိုးတွေ ဖြစ်ပါတယ်။ ၀င့်ဝင့်ဝါ၀ါဖြင့် ဖော်ထုတ်ပြသပေးရမယ့်အစား ဖုံးကွယ်ပေးထားလို့ သူ စိတ်ပျက်မိတယ်။ ၀ဖြိုးတဲ့ အဖောင်းအကွေးတွေကို အရှိအတိုင်း ပြသပေးထားမယ့် curvy fashion ကို သူ ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်။
“ကျမတို့ရဲ့ ဒီဇိုင်းတွေကို လူတွေ ကြိုက်ကြတယ်။ အကုန်လုံး ရောင်းကုန်တဲ့အထိ ရောင်းအားကောင်းခဲ့တယ်။ ဒီတော့မှ ဖက်ရှင်လောကမှာ ဒီလိုဟာမျိုးတွေကို အမျိုးသမီးတွေ တောင့်တနေကြတယ်ဆိုတာ သဘောပေါက်သွားကြတယ်။ ၀ယ်ဝတ်သူတွေက ဒါမျိုးကို လိုချင်နေတာလို့ ပြောကြတယ်”
လို့ ဂရာဟမ်က ပြောပြတယ်။
“ဖုံးကွယ်ပေးဖို့အတွက် ပွယောင်းယောင်းတွေ ချုပ်ပေးထားတယ်။ အတိအကျပ် လုပ်ပေးရမယ့်နေရာမှ ကျယ်ပေးထားတယ်။ တိုရမယ့်နေရာမှာ ရှည်ပေးထားတယ်။ ဒီတော့ ကိုယ်ခန္ဓာရဲ့ အကွေးတွေကို မမြင်ရတော့ဘူး”
အမျိုးသမီးတစ်ယောက် ဆင်းရဲတာ ချမ်းသာတာဟာ သူ့ကိုယ်ခန္ဓာအရွယ်အစားအရ သတ်မှတ်လို့ မရကြောင်း ဂရာဟမ်က ရှင်းပြတယ်။ ၀ဖြိုးပေမဲ့ လက်ထဲ ငွေရှိတဲ့သူတွေ ရှိနေတယ်။ သူတို့က အထက်တန်းစား ဖက်ရှင်အလန်းစားတွေ ၀ယ်ဝတ်ချင်ကြတယ်။ ဒါပေမဲ့ ဖက်ရှင်လုပ်ငန်းတွေက လျစ်လျူပြုထားခဲ့ကြတယ်။
ဘီကီနီဟာ လူတိုင်းအတွက်
************
ဂရာဟမ်က ပင်လယ်ကမ်းခြေ အပန်းဖြေတဲ့အခါ ၀တ်ဆင်ဖို့ ရေကူးဝတ်စုံတွေနဲ့ ဘီကီနီတွေကိုလည်း ဖန်တီးထုတ်လုပ်တယ်။ သူ့ရဲ့ ဆောင်ပုဒ်က “ဘီကီနီဟာ လူတိုင်းအတွက်” တဲ့
သူ့ပေါင်လုံးကြီးတွေ ဖော်ပြထားတဲ့ ပုံတွေကို တင်လေ့ရှိတဲ့အပြင် အဆီဆဲလ်တွေကြောင့် အသားရောင်ကွက်နေတာတွေကိုလည်း အရှိအတိုင်း မကွယ်မဖုံး ပေးနေစေတယ်။ ယခုလို တမင် ဖော်ပြပေးနေတာဖြစ်ပြီး တခြားအမျိုးသမီးတွေအနေဖြင့် ဒါဟာ သိမ်ငယ်စရာ မဟုတ်ဘူးဆိုတာ သိသွားအောင် အသိပေးချင်လို့ ဖြစ်ပါတယ်။
“ကျမမှာ အသားရောင်ကွက်နေတဲ့ cellulite ကို ဖော်ပြထားတဲ့ပုံကို Instagram မှာ တင်တယ်။ တခြားအမျိုးသမီးတွေလည်း သူတို့မှာ ရှိနေတာကို မရှက်မကြောက် ဖြစ်ကြစေချင်တယ်”
လို့ ဂရာဟမ်က ပြောပါတယ်။
“ဒါဟာ ရှက်ရွံ့စရာလား။ မဟုတ်ပါဘူး။ အဲဒါ ကျမရဲ့ ကိုယ်ခန္ဓာ”
ဂရာဟမ်က အသားရောင် ကွက်နေတာကို အနီးကပ်ရိုက်ပြထားတဲ့ပုံကို Instagram မှာ တင်တယ်။
“ကျမ ကာယလေ့ကျင့်ခန်း ယူတယ်။ ကျမ အစားအသောက် ကောင်းကောင်းမွန်မွန် စားဖို့ကိုလည်း ကျမ အကောင်းဆုံး ကြိုးစားတယ်။ ကျမမှာ ရနေတဲ့ အရေပြားကို ကျမ ချစ်တယ်။ အသားရောင်ကွက်တာတွေ၊ အဆီတွေ ရှိနေတာတွေ၊ အဲဒါတွေအတွက် ကျမ မရှက်ပါဘူး။ ရှင်တို့လည်း မရှက်သင့်ပါဘူး”
လို့ သူက ရေးသားထားပါတယ်။
တကယ့်အမျိုးသမီးအစစ် လို့ လှုံ့ဆော်တဲ့ ပုံကိုလည်း တင်ခဲ့ပါသေးတယ်။
ဆက်စပ်ဖတ်ရှုရန်
Plus-size ဖက်ရှင်ရေစီးကြောင်းက စီးဆင်းနေပါပြီ
Plus-size ဖက်ရှင်စတား Katie Monster