ဂျာမနီနိုင်ငံမှ အားကစား အ၀တ်အစားတွေ လုပ်ကိုင်တဲ့ မဟာလုပ်ငန်းကြီး Adidas AG ဟာ Speedfactory အမည်ဖြင့် စနိကာ ရှူးဖိနပ်တွေ ထုတ်လုပ်တာမှာ AM4LDN, AM4PAR နဲ့ AM4LA သုံးမျိုး ထုတ်လုပ်ခဲ့ပြီးပါပြီ။
အဲဒီ အခေါ်အဝေါ်မှာ ရှေ့က သုံးလုံးဖြစ်တဲ့ AM4 ဆိုတာက Adidas made for ကို အစအက္ခရာကောက်ပြီး အတိုကောက် ပြုထားတာ ဖြစ်ပါတယ်။ ဒါဆို အဲဒီသုံးလုံးရဲ့ နောက်မှာပါတဲ့ အက္ခရာတွေက ဘာကို ဆိုလိုချင်တာလဲ။
မြို့ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ LDN က London လန်ဒန်မြို့၊ PAR က Paris ပါရီမြို့နဲ့ LA က Los Angeles လော့စ်အိန်ဂျယ်လိစ်မြို့ကို ဆိုလိုပါတယ်။
အခု နောက်ထပ် Speedfactory တစ်မျိုး ထပ်ထုတ်တာမှာ AM4NYC လို့ အမည်ပေးထားပါတယ်။ ဒီတော့ NYC ဟာ New York City ကို ဆိုလိုပါတယ်။
AM4 စနိကာတွေဟာ မြို့ပြရဲ့ တောထဲ စီးဖို့ ထုတ်လုပ်ထားတာလို့ ဆိုပါတယ်။
တောင့်တင်းခိုင်မာပေမဲ့ ပေါ့ပါးတယ်။ ခြေဦးတည်ရာ ဖျတ်ခနဲ ပြောင်းလဲဖို့ လွယ်ကူအောင် ဒီဇိုင်းထုတ်ထားတယ်။ မြို့လယ်ပိုင်းက လူတောသူတောထဲ သွားလာတဲ့အခါ လူတွေအပြင် ကားတွေလည်း သွားလာနေပြီး ရှုပ်ယှက်ခတ်နေတာမို့ ရုတ်တရက် ရှောင်ရတိမ်းရတာတွေ ရှိစမြဲပါ။ အဲဒီလို ရုတ်တရက် ခြေဦးတည်ရာ ပြောင်းလဲ ရှောင်တိမ်းဖို့ လွယ်ကူပြီး ခြေမချော်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။
AM4NYC ရောင်းဈေးကို ကန်ဒေါ်လာ ၂၀၀ သတ်မှတ်ထားပါတယ်။
AM4NYC ရဲ့ ကိုယ်ထည်က အနက်ဖြစ်ပြီး ခွာဖြူ ဖြစ်ပါတယ်။
ကိုယ်ထည်ကို အမည်းရောင် သုံးထားတာဟာ နယူးယောက်မြို့တော် လူဦးရေဟာ လူမည်းတွေ ပိုများလို့လား။ မဟုတ်ပါဘူး။
Adidas Futures team ရဲ့ စီနီယာဒီဇိုင်နာ Zachary Coonrod က Esquire မဂ္ဂဇင်းရဲ့ မေးမြန်းချက်ကို အခုလို ဖြေကြားထားပါတယ်။
“လူတွေက တစ်ခုလုံး ဖြူနေတဲ့ ရှူးကို ကြိုက်ကြတယ်။ အဲဒါတွေက တကယ်လန်းတယ်။ ဒါပေမဲ့ ဖြူဖွေးနေတဲ့ ရှူးတွေ အားလုံးဟာ နယူးယောက်မြို့တော်ရဲ့ လမ်းတွေပေါ်မှာ ငါးမိနစ်ပဲ ခံပါတယ်။ လူတွေက သွားရင်းလာရင်း အမှိုက်ကို ကန်ရတယ်။ ဗွက်အိုင်ကို နင်းရတယ်။ ဒီတော့ ဖြူဖွေးနေတာက အညိုရောင် အဖြစ်မြန်တယ်။ တစ်ရံလုံး ဖြူနေရာမှ တစ်ရံလုံး အညိုရောင်ပေါက်သွားတယ်”
မြို့ပြရဲ့ ညစ်ထေးတဲ့ လမ်းတွေရဲ့ ညစ်ပေမှုကို ဒီဇိုင်းထုတ်တာမှာ ဆင်ဆင်ခြင်ခြင်ဖြင့် ထည့်သွင်းစဉ်းစားပေးထားတာ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံမှ အားကစား အ၀တ်အစားတွေ လုပ်ကိုင်တဲ့ မဟာလုပ်ငန်းကြီး Adidas AG ဟာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စက်မှုဇုန် (၃) ရှိ United Knitting( Myanmar) Co. Ltd မှာ ကုန်ထုတ်လုပ်မှု ပြုလုပ်ကြောင်း Adidas AG ရဲ့ Global Factory List: Licensees (January 1, 2018) မှာ ဖော်ပြထားပါတယ်။