အဝတ်အစားဝယ်တဲ့အခါမှာ ဘရန်းတွေကို ဝယ်တာပဲဆိုပြီး ကွာလတီကို အပြည့်အဝ စိတ်ချထားလို့ မရပါဘူး။ ဘရန်းဆိုပေမယ့် တခါတရံလွဲချော်မှုလေးတွေ ရှိနေတတ်ပြီး ကွာလတီကျနေတာတွေ တွေ့ရတတ်ပါတယ်။
တချို့အဝတ်အထည်တွေကျတော့ ဘရန်းထည်တွေ မဟုတ်ပေမယ့် ကွာလတီ ကောင်းနေတာမျိုး ရှိနေတတ် ပါတယ်။ ဒီတော့… အဝတ်အစား ဝယ်တဲ့အခါမှာ ကွာလတီ ကောင်းလား၊ မကောင်းဘူးလား ဆိုတာကို အခုဖော်ပြပေး မယ့် အချက်တွေအတိုင်း စမ်းသပ်ကြည့်နိုင် ပါတယ်။
(၁) ဇစ်ကိုစစ်ဆေးပါ
အကျီင်္၊ ဘောင်းဘီမှာ ပါတဲ့ဇစ်ကို ကြည့်ပြီးတော့လည်း ကွာလတီကောင်းတဲ့ ပစ္စည်းဟုတ်မဟုတ် ဆိုတာကို စမ်းသပ်ကြည့်နိုင် ပါတယ်။ ဇစ်တွေကို စစ်ဆေးတဲ့အခါမှာ ဇစ်ရဲ့ အပေါ်အောက်ကို လွယ်လွယ်ကူကူဆွဲတင်၊ ဆွဲချ ပြုလုပ်နိုင်မယ်၊ ဇစ်က ထစ်နေတာမျိုး မဖြစ်ပြီး ချောချောမွေ့မွေ့ အလုပ်လုပ်နေတယ်ဆိုရင်တော့ ပစ္စည်းကောင်းပါပဲ။ ဒါပေမယ့် တချို့အထည်တွေက ဒီလိုစစ်ဆေးခွင့် မပေးဘဲ ဇစ်ကို ပလက်စတစ်နဲ့ ပိတ်ထားတာမျိုးတွေ ရှိပါတယ်။ ဒီလိုဆိုရင်တော့ ဇစ်ရဲ့ လက်ကိုင်ခေါင်းက သာမာန်ထက် တောင့်တင်းခိုင်မာရဲ့လား၊ လေးနေလား ဆိုတာကို ဆန်းစစ်ကြည့်နိုင်ပါတယ်။
(၂) အထည်ပါးလွှာမှုကိုစစ်ဆေးပါ
အကျီင်္ဝယ်တဲ့အခါမှာ စမ်းဝတ်ကြည့်လိုက်လို့ အဆင်ပြေနေတယ်ဆိုပေမယ့်လည်း အရမ်းပါးလွှာ နေတာ မျိုးဖြစ်နေရင်တော့ ကွာလတီမကောင်းတတ်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေ အနေနဲ့ အပါးစတွေနဲ့ ချုပ်လုပ်ထားတဲ့ အထည်တွေကို ဝယ်ယူတဲ့အခါ မီးရောင် အောက်၊ အလင်းရောင်ရှိတဲ့ နေရာမှာ သေချာ စစ်ဆေးသင့်ပါတယ်။ ဝတ်ကြည့်လိုက်ပြီးတော့ လက်မြှောက်ကြည့်ပါ။ ချုပ်ရိုးကို အထင်းသား မြင်နေရတယ် ဆိုရင်တော့ ဒါဟာ ကွာလတီ မကောင်းတဲ့ အထည်ပါပဲ။
(၃) ပိတ်စကို စစ်ဆေးပါ
ပိတ်စသား၊ အထည်ကို သေချာစစ်ဆေးတတ်ဖို့ လိုပါတယ်။ ချည်သားဆိုရင်လည်း ချည်သား အလျောက်၊ နိုင်လွန်ဆိုရင်လည်း နိုင်လွန်သားစစ်ရဲ့လား ဆိုတာကို စစ်ဆေးသင့်ပါတယ်။ ချည်သား က ဆေးသားပျံ့နေတာမျိုး ရှိမရှိ စစ်ဆေးပါ။ ဂျင်းဘောင်းဘီဝယ်တဲ့အခါမှာလည်း ဆွဲသား ဟုတ်မဟုတ် ကို ဆွဲကြည့်ပြီး စမ်းသပ်နိုင်ပါတယ်။ ကွာလတီကောင်းတဲ့ အထည်တွေက ဝတ်လိုက်ရတဲ့ သူကို သက်တောင့်သက်သာရှိစေပါတယ်။
(၄) ကြယ်သီးများကို စစ်ဆေးပါ
အဝတ်အထည်မှာ ပါတဲ့ ကျယ်သီးသေးသေးလေး တွေကအစ ခိုင်ခံ့မှုရှိ၊ မရှိ စစ်ဆေးပါ။ ဖန်စီစိန်လေး တွေ တပ်ထားတဲ့ အဝတ်အထည်တွေကိုလည်း သေချာစစ်ဆေးဖို့ လိုပါတယ်။ ကြယ်သီးတပ်ထားတာ သပ်ရပ်မှုရှိရဲ့လား၊ ကျယ်သီးအပိုပါလား ဆိုတာတွေကို စစ်ဆေးဖို့ မမေ့ပါနဲ့။ တချို့ အဝတ်အထည် တွေရဲ့ လက်မောင်း၊ အိတ်ကပ်တွေမှာ မလိုအပ်ဘဲ ကြယ်သီးတပ်ထားတာမျိုး တွေ့ရမှာပါ။ ဒါကို ကြယ်သီးအပိုအဖြစ် တပ်ဆင်ပေးထားတဲ့ သဘောပါ။
(၅) ချုပ်ရိုးကို စစ်ဆေးပါ
အကျီင်္ဝယ်တဲ့ အခါမှာ ပထမဦးစားပေး ကြည့်ရမယ့် အချက်ပါပဲ။ ချုပ်ရိုးခိုင်ခံ့မှု ရှိလား၊ မရှိဘူးလား ဆိုတာကို ဦးစွာ စစ်ဆေးသင့် ပါတယ်။ စက်နဲ့ သေသေသပ်သပ် ချုပ်ထားတာလား၊ လက်နဲ့ချုပ်ထား တဲ့ ချုပ်ရိုးမျိုးလား ဆိုတာကို သေချာစစ်ဆေး သင့်ပါတယ်။ ချုပ်ရိုးကောင်းမွန်မှ ကွာလတီကောင်းတဲ့ အထည်လို့ သတ်မှတ်နိုင်ပါတယ်။