ဖက်ရှင်ဆိုတာ ဗိသုကာ။ အချိုးကျ ဖြစ်အောင်လုပ်ရတဲ့ကိစ္စလို့ Coco Chanel က ဆိုမိန့်ဖူးတယ်။ ဒီတော့ အ၀တ်အစား ချုပ်လုပ်တာဟာ ဆောက်လုပ်ရေးလို့ ဆိုကြတယ်။ ဆောက်လုပ်ရေးဟာ အ၀တ်အစားနဲ့ ဖက်ရှင်ဒီဇိုင်းတို့ရဲ့ အခြေအမြစ်ပဲ။
ဖက်ရှင်ဒီဇိုင်နာတွေက အလျားနဲ့အနံ အတိုင်းအတာ ၂ မျိုးသာပါတဲ့ အ၀တ်စရဲ့ ဧရိယာတွေကို အလျားနဲ့အနံအပြင် အမြင့်လည်း ပါလို့ ထုထည်ရှိတဲ့ အ၀တ်အစားအဖြစ်သို့ရောက်အောင် ဆောက်လုပ်ပေးကြရတယ်။ အဲဒီလို ဆောက်လုပ်တဲ့အခါ ဗိသုကာလက်ရာမြောက်ဖို့ လိုတယ်။
ရလာမယ့် အ၀တ်အစားဟာ ဖက်ရှင်ကျရုံနဲ့ မပြီးဘူး။ လှပတဲ့ပုံပန်းသဏ္ဌာန် ဖြစ်နေတာနဲ့လည်း မလုံလောက်သေးဘူး။ ၀တ်ဆင်သူရဲ့ ကိုယ်ပေါ်မှာ အံကိုက် fit ဖြစ်နေဖို့ လိုတယ်။ ၀တ်သူရဲ့ ကိုယ်ခန္ဓာ လှုပ်ရှားမှုတွေမှာ အံကိုက် fit ဖြစ်ပေးနေဖို့လည်း လိုတယ်။
ဒီတော့ ထုထည်ရှိတဲ့ အ၀တ်အစားဖက်ရှင်ဖြစ်လာဖို့ လုပ်ကိုင်တဲ့အခါ ပါဝင်ပတ်သက်နေတဲ့ နည်းနာနိဿယတွေကို သိထားရမယ်။ ပြီးတော့ နားလည် သဘောပေါက်ရမယ်။
အ၀တ်စမှာ ဧရိယာပဲ ရှိတယ်။ အ၀တ်အထည်မှာကျတော့ ဧရိယာတွေအပြင် ထုထည်လည်း ရှိနေတယ်။ အဲဒီ ထုထည်အထဲမှာ လူက၀င်နေပြီး လှုပ်ရှားလုပ်ကိုင်နေတာကို တခြားသူတွေက မြင်ရတွေ့ရတဲ့အခါ ဘယ်လို မြင်ကြမလဲ။ အ၀တ်အစား တစ်ခုလုံးကို ခြုံငုံပြီး ပေါ်ထွက်နေတဲ့ ပုံပန်းသဏ္ဌာန် စီလိုဝက်ဒ် silhouette က မြင်မြင်ချင်းထင်မြင်ချက်များ First impressions ကို ဖန်တီးပေးတယ်။
အဲဒါက ဖက်ရှင်အ၀တ်အစားရဲ့ ချုပ်သားတွေက ဘယ်လိုနေသလဲ၊ ဘယ်အထည်သားနဲ့ ချုပ်ထားသလဲဆိုတဲ့ အသေးစိတ်တွေ မလာခင်မှာ အရင်ပြသလိုက်တဲ့အရာ ဖြစ်ပါတယ်။ ဒီဇိုင်းနဲ့ ဆောက်လုပ်ရေး အဆင့်ဆင့်တို့မှာ စီလိုဝက်ဒ် silhouette ဘယ်လိုနေမလဲဆိုတာကို အရေးတကြီးကိစ္စအဖြစ် ထည့်စဉ်းစားကြတယ်။
စလုံးရေ စတဲ့အခါမှာ စဉ်းစားကြတယ်။ ကိုယ်ခန္ဓာရဲ့ ဘယ်အပိုင်းတွေကို အသားပေးမလဲ။ ဘာကြောင့်လဲဆိုတာတွေကို စဉ်းစားဆုံးဖြတ်တယ်။ ဆုံးဖြတ်ချက်တွေ ချပြီးသွားတဲ့အခါ pattern cutter နဲ့ ဒီဇိုင်နာတို့က ဒီဇိုင်းကို လူကိုယ်ခန္ဓာပေါ် တည်ဆောက်ပေးဖို့ စဉ်းစားကြံဆကြတယ်။ လိုအပ်ရင် လူကိုယ်ခန္ဓာပုံ အရုပ်ကို သုံးတယ်။ အထည်သားကို အရုပ်ပေါ် ပင်အပ်တွေနဲ့ သီပြီး အကြမ်းအားဖြင့် ၀တ်ဆင်ကြည့်တာမျိုး လုပ်တယ်။
အ၀တ်အစားမှာ ဘာတွေ ဖြည့်တင်းပေးရမလဲဆိုတာ ပုံဖော်ကြည့်တယ်။
ဥပမာ ခါးသေးတယ် တင်တွေ သေးတယ်လို့ အမြင်မှားအောင် လုပ်မယ်ဆိုရင် ပခုံးနှစ်ဖက် နေရာမှာ အခုအခံ shoulder pads ထည့်ပြီး ပခုံးကို နဂိုထက် ပိုကားနေအောင် ဖန်တီးပေးမယ်။
အခုပြောပြခဲ့တာတွေက ဗိသုကာအပိုင်း။ ဆက်ပြောပြမှာက အချိုးကျ ဖြစ်အောင်လုပ်ရတဲ့ကိစ္စ။
အချိုးကျတဲ့ကိစ္စက အ၀တ်အစား တစ်ခုတည်းနဲ့ မပြီးဘူး။ ကိုယ်ပေါ်မှာ ၀တ်ဆင်ထားတဲ့ အ၀တ်အစားတွေ အကုန်လုံးကို ကြည့်ပြီး ပြောဆိုတာ ဖြစ်ပါတယ်။
ဟိုအပိုင်းနဲ့ ဒီအပိုင်း နှိုင်းယှဉ်ချိန်ထိုးပြီး သုံးသပ်တာ ဖြစ်ပါတယ်။
ဝတ်ဆင်ထားတာတွေ ပေါင်းစပ်လိုက်တဲ့အခါ လိုက်လျောညီထွေ ဖြစ်နေတာမျိုး ရှိသလို မလျော်မကန်တွေ ဖြစ်ကုန်တာမျိုးလည်း ရှိပါတယ်။ ဥပမာ ဂျက်ကက်၊ စကပ်၊ လည်ရှည်ရှူးဖိနပ် သုံးမျိုး ပေါင်းစပ်လိုက်တဲ့အခါ အရမ်းကြည့်ကောင်းသွားတာမျိုးဆိုရင် အဲဒါ အချိုးကျတယ်။ မျှတတယ်လို့ ပြောပါတယ်။
နောက်တစ်မျိုးက ၀တ်ဆင်တဲ့သူနဲ့ အ၀တ်အစားတို့အကြား အချိုးကျတာ ဖြစ်ပါတယ်။ အဲဒီမှာ အချိုးမကျ ဖြစ်နေရင် ဆောက်လုပ်ရေးနည်းလမ်းအမျိုးမျိုးဖြင့် ဗိသုကာကို ပြင်ပေးလို့ရပါတယ်။ ဥပမာ အောက်နားကို တိုပေးလိုက်တာ၊ ရှည်ပေးလိုက်တာ။ အိပ်ထောင်ကို ကြီးပေးလိုက်တာ။ ခါးလိုင်းကို အထက်မြှင့်ပေးလိုက်တာ၊ ဒေါက်ထည့်ပေးလိုက်တာ။ အဲဒီလိုမျိုး လုပ်ကိုင်မယ်ဆိုရင် အကျယ်နဲ့ အလျားတို့ရဲ့ မျှတမှုပြန်ရအောင် အကြီးအကျယ် ပြောင်းလဲသွားစေပါတယ်။ ၀တ်ဆင်သူရဲ့ ကိုယ်ခန္ဓာပုံပန်းသဏ္ဌာန် ဆန်းစစ်ချက် ၁၀ ချက်အရ အဆင်ပြေ လိုက်လျောညီထွေ ရှိသွားစေမှာ ဖြစ်ပါတယ်။ အ၀တ်အစား ဖြတ်တောက်ပုံနဲ့ ပုံဖော်ထားပုံကို အထည်သား အမျိုးအစားနဲ့ အရောင်အသွေးတို့ကလည်း အကျိုးသက်ရောက်မှုပေးပြီး စီလိုဝက်ဒ် silhouette ကို အားဖြည့်ပေးပါတယ်။