မိန်းကလေးတွေအနေနဲ့ သိထားသင့်တဲ့ street style ဖက်ရှင် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။
၁။ ဘယ်တော့မှ မရိုးတဲ့ Jeans
အချိန်ကာလမရွေး သင့်တင့်လိုက်ဖက်စေတာကတော့ Jeans တွေပဲ ဖြစ်ပါတယ်။ စကတ်နဲ့ဖြစ်ဖြစ်၊ ဘောင်းဘီနဲ့ဖြစ်ဖြစ် နှစ်သက်ရာနဲ့ ကြိုက်သလို တွဲဖက်ဝတ်ဆင်နိုင်တဲ့ အားသာချက်လည်း ရှိပါတယ်။ ခပ်မိုက်မိုက် အထာကျကျ ပုံစံလေးဖြစ်ဖို့ Jeans ကောင်းကောင်းတစ်ထည်တော့ ရှိဖို့လိုအပ်ပါတယ်။
၂။ မိမိကိုယ်ပိုင် နှုတ်ခမ်းနီအရောင်
အမြဲတမ်း သင်ဆိုးတတ်တဲ့ နှုတ်ခမ်းနီအရောင်မျိုး ရှိတဲ့အခါ လူတွေဟာ သင့်ကို ထိုနှုတ်ခမ်းအရောင်မျိုးနဲ့တွဲပြီး မှတ်မိနေ တာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ စတိုင်လ်ရှိခြင်းရဲ့ အခြေခံအချက်တစ်ခု ဖြစ်ပါတယ်။ မိမိကိုယ်ပိုင် အမှတ်အသားတစ်ခု ဖြစ်စေတဲ့သဘောအနေနဲ့ လူကြားထဲမှာ မိမိကို ပိုမိုထင်ရှားတောက်ပစေတဲ့ နှုတ်ခမ်းနီအရောင်မျိုးကို ရွေးချယ်ပါ။ အရောင်အသစ်တွေကို စမ်းသပ်ကြည့်ဖို့လည်း မကြောက်ရွံ့ပါနဲ့။ ကိုယ်နဲ့ ဘယ်အရောင် အလိုက်ဖက်ဆုံးဆိုတာ သိရဖို့ မတူညီတာတွေကို စမ်းသပ်သုံးစွဲကြည့်သင့်ပါတယ်။
၃။ဘယ်ကိုပဲသွားသွား အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ၀တ်ဆင်သွားပါ။
ကိုယ်သွားမယ့်နေရာမှာ ဘယ်လိုလူတွေနဲ့ တွေ့ရမယ်ဆိုတာ မသိနိုင်ပါဘူး။ လူတစ်ယောက်အတွက် ပထမဆုံးတွေ့မြင်ရတဲ့ အသွင်အပြင်ဟာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် လူတွေနဲ့ တွေ့ဆုံရတဲ့အခါ လေးလေးစားစား ဆက်ဆံခံရအောင် သပ်ရပ်ကျနစွာ ၀တ်စားဆင်ယင်သင့်ပါတယ်။
၎။ အရောင်တောက်ပမှုကို ရွေးချယ်ပါ။
တစ်ခြားလူတွေနဲ့ အတူတူပဲ ရောနှောသွားလာရတာ ပျင်းစရာကောင်းပါတယ်။ မိမိကိုယ်ပိုင် စတိုင်လ်၊ အမှတ်အသား ဖြစ်စေမယ့် အရောင်တောက်တောက်လွင်လွင်လေးတွေကို ရွေးချယ်ဝတ်ဆင်ပါ။ ကိုယ်ဝတ်ဆင်ထားတဲ့ အ၀တ်အစားကို ပေါ်လွင်ထင်ရှားအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ အလွယ်ကူဆုံးနဲ့ အကောင်းဆုံးနည်းလမ်း တစ်ခုကတော့ အရောင်စိုပြည်တောက်ပတဲ့ accessories တွေ ၀တ်ဆင်ခြင်းပဲ ဖြစ်ပါတယ်။ လည်ဆွဲတွေ၊ လက်စွပ်တွေ၊ လက်ကောက်တွေ အစရှိတာတွေတင်မက နီယွန်ရောင်လို အရောင်တောက်တောက် စကတ်တွေ၊ ဘောင်းဘီတွေကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။
၅။ ကိုယ်ပိုင်ဒီဇိုင်းလေးတွေ လုပ်ဝတ်ပါ။
ဖက်ရှင်ဟာ လူတစ်ယောက်ကို အံ့အားသင့်စေဖို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ၀တ်စားဆင်ယင်မှုဟာ မိမိရဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့ စွမ်းအင်ကို ထုတ်လွှတ်ပြသနိုင်တဲ့ တံခါးပေါက်တစ်ခု ဖြစ်ပါတယ်။ မိမိသဘောကျတဲ့ အစိတ်အပိုင်းလေးတွေ ကို တီထွင်ထည့်သွင်းဝတ်ဆင်ပြီး အများနဲ့ ကွဲပြားတဲ့ ကိုယ်ပိုင်စတိုင်လ်ရှိသူအဖြစ် ဖော်ပြနိုင်ပါတယ်။
၆။ဖိနပ်တွေဟာ ၀တ်စားဆင်ယင်မှုတစ်ခုလုံးကို တန်ဖိုးတက်စေသလို ပျက်စီးအောင်လည်း လုပ်ဆောင်နိုင်ပါတယ်။
ခေါင်းအစ ခြေဆုံးထိ ကြည့်ကောင်းနေဖို့ လိုအပ်ပါတယ်။ ဖက်ရှင်ကျလှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ မိမိကို ထင်းခနဲ လင်းခနဲ လှပစေနိုင်တဲ့ ဖိနပ်လှလှလေးတစ်ရန် ရှိထားဖို့ လိုအပ်ပါတယ်။ အရောင်တောက်တောက်ရှုးလေးပဲ ဖြစ်ဖြစ်၊ ဈေးကြီးတဲ့ ဖိနပ်အမျိုးအစားပဲ ဖြစ်ဖြစ် ထင်းခနဲဖြစ်စေတာကို ရွေးချယ်ခြင်းအားဖြင့် သင့်ဝတ်ဆင်မှုကို ပိုပြီးအရှိန်မြှင့်တင် ပေးနိုင်ပါလိမ့်မယ်။
၇။အဖြူဝမ်းဆက်ဝတ်ဖို့ မကြောက်ပါနဲ့။
အမျိုးသမီးအများစုဟာ အနက်ရောင်ကိုသာ တစ်ကိုယ်လုံး ၀တ်ဆင်တတ်ကြပေမယ့် အဖြူဝမ်းဆက် ၀တ်ဆင်ဖို့ကိုတော့ ရွံ့တတ်ကြပါတယ်။ အကြောင်းရင်းကတော့ ပေကျံကုန်မှာ စိုးတာကြောင့်ပါပဲ။ သို့ပေမယ့် ဖက်ရှင်ကျဖို့အတွက် တစ်ခါတစ်ရံမှာ ရင်းနှီးမှုလေးတွေ ပြုလုပ်ရတတ်ပါတယ်။ တစ်ကိုယ်လုံး အဖြူစွတ်စွတ် ၀တ်ဆင်ခြင်းဟာ ရှင်းသန့်ပြီး ကျက်သရေရှိစေတဲ့အပြင် ခေတ်မီတဲ့ပုံစံနဲ့ ဆွဲဆောင်မှု ရှိစေတာကြောင့် စမ်းကြည့်သင့်ပါတယ်။
Source:mingalarbar