အတိုအပြတ်တွေ ၀တ်လို့မရတဲ့ ပျိုမေတွေ ဘယ်လိုဖက်ရှင်မျိုးတွေ ၀တ်ဆင်နိုင်သလဲဆိုတဲ့ အကြောင်းလေး ရေးပေးချင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အတိုအပြတ် (ဘောင်းဘီတို၊ စကတ်တို) စတာတွေ ၀တ်လို့မရတဲ့ ပျိုမေတွေအတွက် ပထမဆုံးပြောချင်တာက ပွဲတစ်ပွဲသွားတဲ့အခါ၊ ဒါမှမဟုတ် ဒင်နာ၊ ပါတီပွဲတွေ သွားတဲ့အခါ အတိုဝတ်မှ ဟော့တာ၊ အမိုက်စားဖြစ်တာ မဟုတ်ပါဘူး။ လုံလုံခြုံခြုံလေး ၀တ်ပြီး အားလုံးငေးကြည့်ရအောင်လည်း တွဲစပ်လို့ရပါတယ်။ အဓိက ကိုယ့်ဆီမှာ fashion အမြင် ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
ဥပမာ - ခုနောက်ဆုံးပေါ် အကျီတွေက ဘောင်းဘီတို၊ စကတ်တိုလေးတွေနဲ့မှ လှမှာလား။ မဟုတ်ပါဘူး၊ စကတ်ခပ်ရှည်ရှည်၊ ဘောင်းဘီရှည်တွေနဲ့ တွဲပြီး အမိုက်စားဖက်ရှင်ဒီဇိုင်းဖြစ်အောင် ၀တ်ဆင်နိုင်ပါတယ်။ ဟုတ်ပြီ။ ဘောင်းဘီတွေမှ ဘယ်နှစ်မျိုးရှိသလဲ။ ဒေါက်ပြောက်စတိုင်ဘောင်းဘီတွေရှိမယ်၊ skinny jean တွေရှိမယ်၊ Ripped jean တွေရှိမယ် (ခုဆို Ripped jean တွေအောက်ကနေ ဇကာပေါက် stocking အမိုက်စားတွေနဲ့တွဲဝတ်လာကြပြီ)၊ Boyfriend jean တွေရှိမယ် ၊ခေါင်းလောင်းဘောင်းဘီ ဒီဇိုင်းတွေရှိမယ်။ ကဲ တွဲစရာတွေမှ အများကြီးနော်။ အဲ့ဒါတွေကိုမှ အပေါ်က crop top လေးတွေနဲ့ ၀တ်မလား၊ velvet ဒီဇိုင်းလေးတွေနဲ့ ၀တ်မလား၊ ရှပ်တွေ၊ တီရှပ်တွေနဲ့ပဲ ပေါ့ပေါ့ပါးပါး ၀တ်မလား၊ hoodie အပွကြီးနဲ့ပဲ တွဲမလား အားလုံး အဆင်ပြေတာပါပဲနော်။
နောက် dress ခပ်ရှည်ရှည်တွေက ခု တစ်ကျော့ပြန် ခေတ်စားလာတာ အားလုံးအသိပါ။ ဘေးခွဲပါရင်ပါ၊ ရှေ့ခွဲရင်ခွဲ မဟုတ်ရင်လည်း တစ်ဆက်တည်း ခြေမျက်စိနားထိ အရှည်ရှိတဲ့ dress တွေပေါ်နေပြီ ဖြစ်သလို ၊ အပေါ်အောက် ၀မ်းဆက် ဆွယ်တာသား၊ ဆွဲသား လေးတွေလည်း ပေါ်လာပြန်ပါတယ်။ dress တွေပေါ်မှာမှ jean waistcoat တွေထပ်ဝတ်ဝတ်၊ ဟော leather jeakcet လေးတွေ ဆင်မြန်းဆင်မြန်း ကိုယ်အမြင်ရှိသလို တွဲလို့ရတာပဲလေ။
Overall တွေ Jumpsuit တွေကို အတိုမရွေးပဲ အရှည်ဒီဇိုင်းလည်း ရွေးချယ်နိုင်ပါသေးတယ်။ သူကတော့ အတိုဖြစ်ဖြစ်၊ အရှည်ဖြစ်ဖြစ် လူငယ်ဆန်ဆန်နဲ့ အထာကျပါတယ်။
နောက်ဆုံးကိုယ်က dress လေးတစ်ထည်တွေ့ထားတယ်။ သူက ပေါင်တစ်ဝက်လောက် တိုနေတယ်ဆိုရင်လည်း ဦးနှောက်စားခံမနေနဲ့။ အဲ့ဒီ dress အောက်က stocking အမည်း၊ အပါးတစ်ထည်ကောက်စွပ်သွားလိုက်ရုံပေါ့။ ဒါများ ဘာခက်။ နောက်စကတ်ဆိုရင်လည်း pencil skirt အရှည်လေးတွေ၊ စကတ် အကားအရှည်လေးတွေ ခုဒီဇိုင်းသစ်တွေ အများကြီးပေါ်လာပြီမို့ စိတ်ညစ်စရာမလိုတော့ပါဘူး။
ဒါဆိုမေးခွန်းတစ်ခုရှိလာပြီ။ ကိုယ့်ပုံစံကြီးက ဘောင်းဘီရှည်တွေ၊ စကတ်ရှည်တွေနဲ့မို့ ပျင်းစရာကောင်းတဲ့သွင်ပြင်ဖြစ်နေမလားဆိုတာပါပဲ။ အဲ့ဒီလို မဖြစ်ချင်ဘူးဆိုရင်တော့ accessories တွေအကူအညီ ယူလိုက်ပါ။
 ဖိနပ်တွေ၊ ခါးပတ်တွေ၊ ဦးထုပ် စတာတွေကို တွဲဖက်ဆင်မြန်းနိုင်ရင် ပိုကောင်းပါတယ်။ အားလုံးကို တစ်စုံတည်းမှာ အပြုံလိုက်ဝတ်ခိုင်း တာမဟုတ်ဘူးနော်။ ဦးထုပ်နဲ့ ဖိနပ်ကို ပေါ်ချင်ရင် ခါးပတ်ကို အတင်းကြီးဖော်စရာမလိုပါဘူး။ သဘောက မျှအောင် လှအောင် ၀တ်ခိုင်းတာပါ။
နောက်တစ်ချက်က အကျီ၊ ဘောင်းဘီကို ဖြစ်သလို မ၀တ်ပဲ ဘယ်လိုလေး ဆန်းမလဲဆိုပြီး စဉ်းစားစေချင်ပါတယ်။ ဥပမာ ရှပ်အကျီလေးနဲ့ ဘောင်းဘီ ripped jean တွဲမယ်ဆို ရှပ်ကို ရှေ့ဘက်ကြယ်သီပေါက်နေရာကို ချည်ဝတ်မလား ဆိုတာမျိုး၊ တီရှပ်ဆိုရင်လည်း ဘေးဘက်လေးကို လုံးပြီးချည်ဝတ်မလား၊ ဒါမှမဟုတ် ရှေ့ဘက်နေရာကို ဘောင်းဘီထဲ ထည့်ဝတ်မလားဆိုပြီး တွေးပါ။ ဒါဆို သူများနဲ့တော့ တူမှာ မဟုတ်တော့ပါဘူး။
			    
					
		  	



