ကရင်သက္ကရာဇ် ၂၇၆၀ ပြည့်နှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် ပြာသိုလဆန်း ၁ ရက် ဇန်နဝါရီ ၁၃ ရက် တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်အနေဖြင့် ကရင်ရိုးရာ ဂျပ်ခုတ် ဒီဇိုင်းပြိုင်ပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကျင်းပသွားမည်ဖြစ်ကြောင်း ရက်ကန်းနှင့် သက်မွေး ပညာသင်တန်းကျောင်း (ဘားအံ)မှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုများရှိနေသေးသည့်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်(ဗဟို)ကော်မတီ ၏ ညွှန်ကြားချက်များနှင့်အညီ လူကိုယ်တိုင်လာ ရောက် ယှဉ်ပြိုင်ဂျပ်ခုတ်ရမည်မဟုတ်ဘဲ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရက်လုပ်ထားသည့် ဂျပ်ခုတ်ထည်များကို ပေးပို့ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။
ပြိုင်ပွဲနှင့်ပတ်သက်၍ ရက်ကန်းနှင့် သက်မွေး ပညာသင်တန်းကျောင်း (ဘားအံ)ကျောင်းအုပ် ဆရာမကြီးဒေါ်ဧကရီအောင်အောင်က “အရင်နှစ် တွေကတော့ ပြိုင်ပွဲကို ဘားအံမြို့ပေါ်မှာအခမ်း အနားနဲ့ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါကာလဖြစ်တဲ့ အတွက် ပြိုင်ပွဲဝင်တဲ့သူတွေဟာ ဘားအံမြို့ကိုလာ ပြီးတော့ ပြိုင်ပွဲကျင်းပခွင့်ရမှာမဟုတ်ပါဘူး။ သူတို့ ရက်လုပ်ထားတဲ့ ဂျပ်ခုတ်ထည်တွေကို ပြိုင်ပွဲ ကျင်းပရေးကော်မတီဆီပေးပို့ပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီကသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ နဲ့အညီ အမှတ်ပေးရွေးချယ်ပြီးတော့ ဆုတွေကို ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်” ဟုပြောသည်။
ကရင်ရိုးရာဂျပ်ခုတ်ပြိုင်ပွဲကို ကရင်အမျိုးသား နှစ်သစ်ကူးနေ့တွင် ထည့်သွင်းကျင်းပလာခဲ့သည်မှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် သုံးကြိမ်ရှိပြီဖြစ်ပြီး ယခု ပြိုင်ပွဲကိုဘားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ကော့ကရိတ်မြို့၊ မြဝတီမြို့များမှ ပြိုင်ပွဲဝင်ရန် စာရင်းပေးထားသူ ၃၀ ရှိပြီး ထပ်မံစာရင်းပေးမည့် ပြိုင်ပွဲဝင်အချို့ကျန်ရှိနေသေးသည်ဟု သိရသည်။
ပြိုင်ပွဲဝင်များအနေဖြင့် မိမိစိတ်ကြိုက်ကရင်ရိုးရာ ဂျပ်ခုတ်ဒီဇိုင်းများကို အလျားသုံးပေ၊ အနံ ၁၆ လက်မ ရက်လုပ်ရမည်ဖြစ်ပြီး ကိုယ်တိုင်တီထွင် ဆန်းသစ်ရက်လုပ်ရမည်ဖြစ်ကာ ဈေးကွက်အတွင်း ရောင်းချနေသည့် ဒီဇိုင်းများကို ကူးယူရက်လုပ်ခြင်း မပြုရန်၊ ပြိုင်ပွဲဝင် ဂျပ်ခုတ်ရက်ထည်အစများကို ဇန်နဝါရီ ၈ ရက် နောက်ဆုံးထား၍ ရက်ကန်းနှင့် သက်မွေးသင်တန်းကျောင်း (ဘားအံ)သို့ ပေးပို့ကြ ရန်နှင့် ပြိုင်ပွဲဝင်များအား ကျင်းပရေးကော်မတီမှ ချည်တန်ဖိုး ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးသွား မည်ဖြစ်ပြီး ဆုရရှိသူများအား ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ထိုက်ထိုက်တန်တန်ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
#The Mirror Daily