အိမ်နီးနားချင်း နယ်နိမိတ်ချင်း ထိစပ်နေသော ထိုင်းနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် အထည်ချုပ်ကုမ္ပဏီများ ၂၀၀၀ ကျော် လုပ်ကိုင်လျက် ရှိသည်။
ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းကဏ္ဍတွင်လည်း ကုမ္ပဏီများ ၂၀၀၀ ၀န်းကျင်ရှိသည်။ ၎င်းတို့ အားလုံးနီးပါးသည့် မြို့တော်ဘန်ကောက်တစ်ဝိုက်နှင့် ထိုင်းနိုင်ငံ အရှေ့ပိုင်းတို့တွင် စက်ရုံများ တည်ရှိသည်။
အထည်ချုပ်ကဏ္ဍနှင့် အထည်အလိပ်ကဏ္ဍတို့သည် အ၀တ်အထည်အမျိုးစုံ ထုတ်လုပ်လျက်ရှိပြီး ထုတ်လုပ်မှုကို ဒီဇိုင်းထုတ်သည်မှ လက်လီလက်ကား ရောင်းချသည်အထိ လုပ်ကိုင်လျက် ရှိသည်။ ထိုင်းနိုင်ငံမှ ထုတ်လုပ်သော ပိုးထည်များသည် ကမ္ဘာကျော်သည်။
ယခုအခါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထူးတလည် ဆောင်ရွက်နေကြရပေရာ ထိုင်းနိုင်ငံသည် အချောကိုင်ခြင်း၊ ဆေးဆိုးခြင်း ပန်းရိုက်ခြင်းတို့ကို ကမ္ဘာစံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် ကိုက်ညီစွာ လုပ်ကိုင်လျက်ရှိသည်။
ထိုင်းနိုင်ငံ အထည်ချုပ်ကဏ္ဍသည် မြန်မာနိုင်ငံသားများ အပါအ၀င် ပြည်ပလုပ်သား အသုံးပြုမှုများ ရှိနေပြီး အလုပ်အကိုင် စုစုပေါင်း ရှစ်သိန်းမှာ တစ်သန်းအထိ ပေးထားသည်။ အထည်အလိပ်ကဏ္ဍသည် အလုပ်အကိုင် ၂ သိန်းဝန်းကျင် ပေးထားသည်။ သို့ဖြစ်ရာ ၎င်းကဏ္ဍနှစ်ရပ်သည် တိုင်းပြည်အတွက် အရေးပါသောကဏ္ဍများ ဖြစ်သည်။ အထည်အလိပ်ကဏ္ဍသည် ကုန်ကြမ်းဖြစ်သော ၀ါဂွမ်း၊ ချည်မျှင်နှင့် ဖိုင်ဘာတို့ကို ပြည်ပမှ တင်သွင်းခြင်းအပေါ် အဓိက အားထားပြီး လုပ်ကိုင်သည်။
နှစ်စဉ် ပြည်ပသို့ အထည်အလိပ်နှင့် ချုပ်ထည်များ တင်ပို့မှုတန်ဖိုး ပမာဏသည် ကန်ဒေါ်လာ ၇ ဘီလျံခွဲ ၀န်းကျင် ရှိသည်။ ထက်ဝက်ခန့်သည် အရှေ့အာရှနှင့် ပစိဖိတ်နိုင်ငံများသို့ တင်ပို့ခြင်း ဖြစ်ပြီး အမေရိကသို့ ကန်ဒေါ်လာ ၁ ဘီလျံကျော် တင်ပို့သည်။ ကျန်သည်တို့မှာ ပြည်တွင်းဈေးကွက်တွင် ရောင်းချသည်။ အထည်အလိပ် အများဆုံး တင်ပို့ရသည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည်။ ပြည်တွင်း ၀ယ်လိုအားသည် အားနည်းနေသည်ကို ရင်ဆိုင်နေရသည်။ အထည်အလိပ် ထုတ်လုပ်ရန်လိုအပ်သော ၀ါဂွမ်း တန် ငါးသိန်းတွင် ၂ ရာခိုင်နှုန်းကိုသာ ပြည်တွင်းမှ ရရှိသဖြင့် နိုင်ငံခြားငွေ ရရှိမှု နည်းနေရပေသည်။
နောက်ထပ် အခက်အခဲတစ်ခုမှ ထိုင်းနိုင်ငံသားတို့သည် အထည်ချုပ်လုပ်ငန်းတွင် ၀င်ရောက်လိုခြင်း မရှိကြခြင်း ဖြစ်သည်။ ထိုင်း ချုပ်ထည် ကုန်ထုတ်လုပ်ငန်းရှင်များအသင်းက ရှင်းပြခဲ့သည်မှာ အနည်းဆုံးလုပ်ခလစာကြောင့် ယခုလို မလုပ်ကိုင်လိုခြင်း မဟုတ်ကြချေ။ တစ်နေကုန် ပင်ပန်းးသည့်အလုပ် ဖြစ်နေသောကြောင့် မလုပ်လိုကြခြင်း ဖြစ်သည်။ သို့ဖြစ်ရာ အထည်ချုပ်လုပ်ငန်းများသည် မြန်မာများ အပါအ၀င် ပြည်ပလုပ်သားများကို ငှားရမ်း လုပ်ကိုင်ကြရသည်။ အချို့က စက်ရုံခွဲများကို မြန်မာ၊ ကမ္ဘောဒီးယား နိုင်ငံများတွင် ထူထောင်လုပ်ကိုင်ကြခြင်းဖြင့် လုပ်သားရှားပါးမှု ပြဿနာကို ကျော်လွှားကြသည်။
ထိုင်းအထည်ချုပ်ကဏ္ဍသည် အမေရိက၊ ယူကေနှင့် ဂျပန်နိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေသည်။ ပြိုင်ဘက်သဖွယ် ဖြစ်နေသည့်နိုင်ငံများမှာ မြန်မာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ပါကစ္စတန် နိုင်ငံများ ဖြစ်ပြီး မြန်မာနိုင်ငံသည် အဓိကပြိုင်ဘက် ဖြစ်လာနေသည်ဟု သုံးသပ်ထားသည်။