ရွှေသဇင်အထည်ချုပ် အလုပ်သမားများ စုပေါင်းတောင်းဆိုမှုများကို မေ ၂၁ ရက်နေ့လယ်ပိုင်းက နှစ်ဖက်ညှိနှိုင်းမှုအဆင်ပြေခဲ့၍ စာချုပ်ချုပ်ဆို ပြေငြိမ်းသွားကြောင်း အလုပ်သမားများထံမှ သိရသည်။
ရွှေပြည်သာမြို့နယ် စက်မှုဇုန်(၁)ရှိ ရွှေသဇင်ဟု အများခေါ်ဆိုသော Supreme Asia Garment အထည်ချုပ်စက်ရုံတွင် ဒေးကြေး ကျပ် ၄၈ဝဝ ပေးမည်ဖြစ်သော်လည်း target ကြေးများ တစ်ဝက်လျှော့ချ ပေးချေမည်ဆို၍ ယခင်အတိုင်းပြန်ပေးရန် စက်ချုပ်အလုပ်သမား ၇ဝဝ ကျော်တို့က အလုပ်သမားများ လုပ်ငန်းခွင် မဝင်ဘဲ စက်ရုံးဝင်းရှေ့တွင် မေ ၁၉ ရက် နံနက်ပိုင်းကစပြီး ဆန္ဒပြစုပေါင်းတောင်းဆိုခဲ့ကြရာ မေ ၂၁ ရက် နံနက်ပိုင်းတွင် ညှိနှိုင်းမှုများပြေလည်သွား၍ နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆို ပြေငြိမ်းခဲ့ခြင်း ဖြစ်သည်။
အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီမှ မေ ၁၄ ရက်က တစ်ရက်လုပ်ခကျပ် ၄၈ဝဝ သတ်မှတ်ကြေညာပြီး နောက်ပိုင်းတွင် ရွှေသဇင်အထည်ချုပ်စက်ရုံမှ လုပ်ငန်းရှင်ဘက်မှ အသစ်သတ်မှတ်လိုက်သည့် ကျပ် ၄၈ဝဝ အား တိုးပေးမည် ဖြစ်ကြောင်း၊ သို့သော် ယခင်ပေးနေကျနှုန်းထား အထည်ကြေးများအား ၅ဝ ရာခိုင်နှုန်း (တစ်ဝက်)လျှော့ချမည်ဟု ပြောဆိုလာ၍ စက်ချုပ်အလုပ်သမားများက မကျေမနပ် ဖြစ်ကာ မေ ၁၉ ရက် လုပ်ငန်းခွင်ဝင်ချိန် နံနက် ၈ နာရီမှ စပြီး စက်ရုံတွင်းလုပ်ငန်း ခွင်သို့မဝင်ဘဲ ယခင်နှုန်းထားများအတိုင်း ပေးရန် စက်ရုံရှေ့ဝင်းအတွင်း၌ မေ ၁၉ရက် မှစ၍ စက်ချုပ်အလုပ်သမား ၈ဝဝ ကျော်တို့က စုပေါင်းတောင်းဆိုခဲ့ကြသည်။
“၅ဝ ရာခိုင်နှုန်း အထည်ကြေးလျှော့မယ့်အစား ၁၅ ရာခိုင်နှုန်းပဲ လျှော့ဖို့ သဘောတူဖြစ်ကြပါတယ်။ အခု စုပေါင်းတောင်းဆိုကြတဲ့ ၁၉ ရက် နဲ့ ၂၁ ရက်အတွက် လစာမဖြတ်ဖို့လည်း သဘောတူတယ်’’
ဟု ယင်းစက်ရုံမှအထည်ချုပ် အလုပ်သမားတစ်ဦးက ပြောသည်။
target ကြေးကိစ္စ ဆန္ဒပြတောင်းဆို
http://www.textiledirectory.com.mm/articles/item/1054-garment-4800-target.html
ယင်းအပြင် နှစ်ဖက်သဘောတူစာချုပ်တွင် ယူနီဖောင်းကြေးနှင့် ID ကတ်ကြေးများကို စက်ရုံဘက်မှ ဖြတ်တောက်ခြင်းမပြုဘဲ အလုပ်ရှင်မှ အခမဲ့ထုတ်ပေးရန်၊ စက်ရုံတွင်း လုပ်ငန်းညှိနှိုင်းရေးကော်မတီကို အလုပ်ရှင်အလုပ်သမားနှစ်ဖက်မှ ဥပဒေ နှင့်အညီ ဖွဲ့စည်းဆောင်ရွက်ရန်တို့ကိုလည်း သဘောတူညီခဲ့ကြကြောင်း အလုပ်သမားများထံမှ သိရသည်။ 
စက်ရုံတွင်း ညှိနှိုင်းမှုအား မေ ၁၉ ရက်က နံနက် ၈ နာရီမှစ၍ ပြုလုပ်ခဲ့ကာ ၉ နာရီခွဲအချိန်တွင် အလုပ်သမားများဘက်သို့ လုပ်ငန်းရှင်ဘက်မှ target ကြေးအား ၅ဝ ခိုင်နှုန်းလျှော့ချခြင်းမှ ၂၅ ရာခိုင်နှုန်းသို့ ပြောင်းလဲပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။ 
သို့သော် ပြေလည်မှုမရှိဘဲ ဆက်လက်ညှိ နှိုင်းရာ ၁၁ နာရီခွဲခန့်တွင် လုပ်ငန်းရှင်ဘက်မှ target ကြေးများအား ယခင်အတိုင်းပြန် ပေးမည်။ သို့သော် အထည်ကိုချပေးသည့်အတိုင်း ကုန်စင်အောင်ချုပ်ပေးရန် ပြောဆိုလာ၍ ညှိနှိုင်းမှုအဆင်မပြေဖြစ်ခဲ့ရပြန်သည်။ 
ယင်းနောက် လုပ်ငန်းရှင်ဘက်မှ နေ့တစ်ပိုင်း အလုပ်ပိတ်ပေးကာ တနင်္လာနေ့တွင် ထပ်မံညှိနှိုင်းရန်ချိန်းဆိုခဲ့ကြပြီး မေ ၂၁ ရက် အလုပ်သမား ၈ဝဝ ကျော်တို့ စက်ရုံရှေ့တွင် စုရုံးထိုင်နေကြပြီး အလုပ်သမားဆက်ဆံရေးဦးစီးမှူးထံစာဖြင့် တင်ပြကာ အလုပ်ရှင်ဘက် မန်နေဂျာနှင့် ထပ်မံညှိနှိုင်းခဲ့ကြရာမှ ပြေလည်ခဲ့ခြင်းဖြစ်သည်။
‘’သမီးတို့ဘက်က တောင်းဆိုမှုတွေကတော့ target ကြေးများကို မိမိလုပ်သလောက်အပြည့်အဝပေးရန် စသည်ဖြင့် ကိုးချက်လောက် ရှိတယ်။ အဲဒီအထဲက ငါးချက် သဘောတူပေးလိုက်တာပါ။ ကျန်တာ တွေက စာထုတ်ပြီး ညွှန်ကြားပေးမယ် ပြောပါတယ်’’
ဟု အလုပ်သမားတစ်ဦးကပြောသည်။
“သူတို့ဟာ သူတို့စက်ရုံအဆင့်မှာပဲ ပြေလည်သွားပြီး စာချုပ်ချုပ်ဖြစ်ကြတာပါ။ target ကြေးကို တစ်ရာရာခိုင်နှုန်းတော့ မဟုတ်ဘူး။ ၈၅ ရာခိုင်နှုန်းပြန်ပေးမယ်ပေါ့။ ကျန်တာတွေလည်း အဆင်ပြေသွားပါတယ်’’ 
ဟု ရွှေပြည်သာမြို့နယ်အလုပ်သမား ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းမင်းထွန်းကပြောသည်။ 
SMO democracytoday
			    
					
		  	



