ဂွာပေး အသက် ရက် ၁၀၀ ပြည့်သည့်နေ့တွင် အထိမ်းအမှတ်အဖြစ် အမေက လှလှပပ ဂါဝန်တစ်ထည် ဆင်မြန်းပေးသည်။
ရှေးတရုတ်ရိုးရာ ဂါဝန်ဖြစ်သည့် ပေါင်ရင်းနားအထိ ဘေးကွဲပါသော ပိုးထည်ဂါဝန်ကို ဖျက်ပြီး သမီးအတွက် ချုပ်ပေးထားခြင်းဖြစ်သည်။
ထိုစဉ်က ထိုသို့သော ပိုးထည်အဆင်းလှလှ ရှားပါးသည်။ ရှေးလူကြီးများ ဆင်မြန်းခဲ့သည့် လက်ကျန်ကိုသာ ပြန်ဖျက်ပြီး ချုပ်ကြရသည်။ ထိုစဉ်က ဂွာပေး မွေးဖွားရာ တိုင်းပြည် တရုတ်ပြည်တွင် ကွန်မြူစနစ် ပြင်းထန်နေသည်။ နိုင်ငံသူ နိုင်ငံသားတို့သည် ၀တ်ကောင်းစားလှများကို စွန့်ပယ်ကြရသည်။ အပြာရင့်ရောင် ထက်အောက် ယူနီဖောင်းကိုသာ ယောက်ျားမိန်းမ မခြား ၀တ်ဆင်ကြရသည်။ သို့ဖြစ်ရာ သူမ၏ ကလေးဘ၀တွင် ရှားရှားပါးပါး တစ်မျိုးဆန်းနေသည့် ဂါဝန်ဟူ၍ အမေပေးသည့် ပိုးသားဂါဝန်တစ်ခုသာ ရှိခဲ့သည်။
‘‘အဲဒီအ၀တ်မှာ ပန်းပွင့်တွေ ပါတယ်။ အရမ်းလှတယ်’’ ဟု ဂွာပေးက တမ်းတမ်းတတဖြင့် ပြန်သတိရသည်။ ‘‘အဲဒါက အဲဒီတုန်းက ကျမအတွက် အပျံစား အဖြစ်ဆုံးပဲ။ ဘာလို့လဲဆိုတော့ တရုတ်ပြည်က အရမ်းဆင်းရဲနေတယ်။ လူတွေက အ၀တ်အစား၊ အထည်သားတို့ရဲ့ အလှတရားနဲ့ပတ်သက်လို့ ဘာမှ မသိနိုင်ကြဘူး’’
ဂွာပေး၏ ဖက်ရှင်စတိုင်လ် ခမ်းနားပုံ၊ အဆိုတော် ရီဟာနား ဆင်မြန်းသည့် စာဝါငှက် အ၀ါရောင် ၀တ်စုံ စသည်များကို အောက်ပါလင့်ခ်တွင် ဆောင်းပါး ဖော်ပြပေးထားပါသည်။
ဂွာပေး ရီဟာနား ၀တ်စုံ ဆန်းဆန်းပြားပြား ၀တ်စုံများ
http://www.textiledirectory.com.mm/articles/item/314-guo_pei.html

ဝတ်စုံကြီး၌ ရတနာစီခြယ်ထားရာ လေးလံလွန်းလှသဖြင့် အမျိုးသားနှစ်ဦးက ကိုယ်ရံတော်အဖြစ် ၀ဲယာခြံရံပြီး
ဝတ်စုံဘေးသားများကို သယ်ပိုးပေးခဲ့ကြရသည်ဟူ၏။
နှစ်ပေါင်း ၅၀ ကြာပြီးချိန်တွင် တရုတ်ပြည် ကမ္ဘာ့စီးပွားရေးတွင် မဟာအင်အားကြီး နိုင်ငံ ဖြစ်နေပေပြီ။ ဂွာတွင်လည်း အလှတရားအတွက် ဗဟုသုတ ကြွယ်ဝနေပြီ။ သူမသည် တရုတ်ပြည်၏ အထင်ရှားဆုံး ဖက်ရှင်ဒီဇိုင်နာတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် ပါရီ၌ ရှိုးပွဲ ပြသခဲ့သည်။ ထိုနှစ်မှာပင် ရီဟားနားအတွက် စာဝါငှက် အ၀ါရောင် ၀တ်စုံကို ဒီဇိုင်းထုတ်ပြီး ချုပ်လုပ်ပေးခဲ့သည်။ ကမ္ဘာ့ဖက်ရှင် လောကတွင် သတင်း ဖြစ်သွားသည်။ ထိုစာဝါငှက်ရောင် ၀တ်စုံကို နှစ်နှစ်ကျော် ကြာမြင့်အောင် ချုပ်လုပ်ခဲ့ရသည်။ အလုပ်လုပ်ချိန် နာရီပေါင်း ငါးသောင်း ငါထောင်ကျော်သည်။ ရွှတ်နောက်နောက် ရေးသားသူတို့က ဘဲဥမွှေကြော် အ၀ါရောင် ၀တ်စုံဟု ကျီစယ်ကြသည်။ ထိုနှစ်မှာပင် ပါရီ၌ တစ်ကိုယ်တော် ဖက်ရှင်ရှိုးပွဲ ကျင်းပဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် တိုင်းမ်မဂ္ဂဇင်း၏ ကမ္ဘာ့သြဇာ အညောင်းနိုင်ဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ဂွာပေးကို ထည့်သွင်းခဲ့သည်။
‘‘တရုတ်ယဉ်ကျေးမှုက ကျမရဲ့ ဗီဇထဲမှာ ရှိနေတယ်။ ကျမရဲ့ ဒီဇိုင်းတွေက အဲဒီဟာကို ကျမရဲ့ ကိုယ်ပိုင်ဟန်ပန်တွေနဲ့ ဖော်ပြပေးနေကြတယ်။ ကျမက တရုတ် ရိုးရားတွေ ရှင်သန်နေအောင် ထိန်းပေးထားလို့ တာဝန်ရှိနေတယ်လို့ စိတ်ထဲမှာ ရှိနေတယ်။ အခုကနေ နောင် နှစ်ပေါင်းများစွာအထိ မျိုးဆက် အဆက်ဆက် တင်ကျန်နေအောင် လုပ်ပေးဖို့ . . .’’
သြးတေးလျနိုင်ငံ မဲလဘုံးမြို့တွင် ဧပြီလ ၁၅ ရက်အထိ ပြသမည့် ပြပွဲ၌ သူမ၏ လက်ရာမွန်ကို တွေ့ရပုံ။
ဂွာ အသက်ငယ်ငယ်မှာ အ၀တ်အစားများ ချုပ်သည်။ အ၀တ်အစားများ လုပ်ဖို့ ဆန္ဒပြင်းပြနေခဲ့သည်။
‘‘ကျမ ငယ်ငယ်တုန်းက အမေ့ကို ကူချုပ်ပေးတယ်။ အပ်တစ်ချောင်းနဲ့ ချုပ်လုပ်တဲ့ လက်မှုပညာကို သိကျွမ်းသွားတယ်။ အဲဒီလို အသက်ငယ်ငယ်ကလေးမှာ အ၀တ်အစားတွေနဲ့ ဖက်ရှင်တို့ကို စိတ်ဝင်စားတာ ရှိနေခဲ့တယ်’’
၁၉၈၂ ခုနှစ်တွင် Beijing Second Light Industry School တွင် ဖက်ရှင်ဒီဇိုင်း သင်တန်းတက်သည်။ ၁၉၈၆ ခုနှစ်တွင် အောင်လက်မှတ်ရသည်။ ထိုအချိန်တွင် တရုတ်အစိုးရက စီးပွားရေးပုံစံကို အသွင်ပြောင်းသည်။ တံခါးဖွင့်ချလိုက်သည်။ ဖက်ရှင်ဒီဇိုင်နာများ နိုင်ငံတကာနှင့် ဆက်မိသွားကြသည်။
‘‘တရုတ်လူ့ဘောင်က ကြီးမားတဲ့ အကြီးမားဆုံး လူမှုဆိုင်ရာ ပြောင်းလဲမှုကို စတင်ခါစမှာ ကျမက ဖက်ရှင်ဒီဇိုင်နာ စဖြစ်တယ်။ တကယ့်ကို အချိန်ကိုက်ပဲ။ ကျမ အရမ်းကံကောင်းတယ်’’
အချိန်အခါ ကျရောက်ချိန်တွင် အံကိုက်ဖြစ်နေသည်။ ၁၉၉၇ ခုနှစ်တွင် ဂေါင်က ဘီကျင်းမြို့တော်တွင် Rose Studio အမည်ဖြင့် ကိုယ်ပိုင် အလုပ်ခန်း ဖွင့်လှစ် လုပ်ကိုင်သည်။ ညပွဲတက်လျှင် ဆင်မြန်းကြသည့် ပွဲတက်ဝတ်စုံများကို ဒီဇိုင်းထုတ်ပြီး ချုပ်လုပ်ပေးသည်။ တရုတ်စဲလီများ သူမထံမှာ လာချုပ်ကြသည်။ နိုင်ငံရေးထိပ်ပိုင်းမှ နိုင်ငံရေးသမားများ၏ ကတော်များ၊ သမီးများလည်း လာချုပ်ကြသည်။ အထူးတလည် ချုပ်ကြသည်မှာ မင်္ဂလာအခမ်းအနားအတွက် သတို့သမီးဝတ်စုံများ ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် ဘီကျင်းအိုလံပစ်ပွဲတော်အတွက် ၀တ်စုံများ ဒီဇိုင်းထုတ် ချုပ်လုပ်ရန် ဂွာ ရွေးချယ်ခံရသည်။ ပွဲကြီးပွဲကောင်း ဖြစ်သည်။ လက်မှုပညာရှင် ၅၀၀ ခန့်ဖြင့် လုပ်ကိုင်ရသည်။ ထိုအထဲတွင် ပန်းအလှထိုးသူ ၃၀၀ ဦး ပါဝင်သည်။ ကျန်သည်တို့မှာ ဒီဇိုင်နာများ၊ ပက်တန်ထုတ်သူများနှင့် စက်ချုပ်သူများ ဖြစ်သည်။
2017 collection သည် စိန့်ဂေါလံ ဘုရားကျောင်းအတွင်းရှိ နံရံပန်းချီတွင် ဖော်ပြထားသော
ကောင်းကင်ဘုံမြင်ကွင်းများထံမှ စိတ်ကူးပေါက်ဖွားထားခြင်း ဖြစ်သည်။
ဂေါင်ကို ဆွစ်ဇာလန်နိုင်ငံရှိ အထည်အလိပ်နှင့် ပန်းအလှထိုး အထည်သားများ ထုတ်လုပ်သည့်အတွက် နာမည်ရသော မြို့မှ အထည်အလိပ် ထုတ်လုပ်သူတစ်ဦးက ဖိတ်ကြားသဖြင့် သွားရောက်တွေ့ဆုံခဲ့သည်။ ထို့နောက် ရောက်တုန်းရောက်ခိုက် လေ့လာရေး ထွက်ခဲ့ရာ မြို့တွင် တည်ရှိသည့် ရှေးဘုရားကျောင်းသို့ သွားရောက်ပြီး လှည့်လည်ကြည့်ရှုသည်။ သူမကို ရင်သပ်ရှုမောရသည့် နံရံပန်းချီများက ဖမ်းစားလိုက်သည်။ သူမ မိန်းမောနေမိသည်။ နာရီအတော်များများ ကြာသွားသည်။ အပြန်ခရီး လေယာဉ်မမီတော့ချေ။ ထိုအဖြစ်ကြောင့် ၀တ်စုံတစ်ခု ဒီဇိုင်းတစ်ခု မထုတ်ရလျှင် မနေနိုင်တော့သဖြင့် ဒီဇိုင်ထုတ်ပြီး ချုပ်လုပ်ခဲ့သည်။
‘‘ကျမတို့ရဲ့ ဘ၀တွေမှာ အလှတရားကို အဆုံးရှုံးခံလို့ မဖြစ်ဘူး။ အလှတရား လစ်ဟာနေလို့ မရဘူး’’
တရုတ်ပြည် စီးပွားတက်သည့်အခါ အလွန်အမင်း ချမ်းသာသူများ ပေါ်ထွက်လာသည်။ တရုတ်ဘီလျံနာများ ပေါပေါများများ ရှိလာသည်။ သူတို့က အနောက်တိုင်းမှာ နေရာယူဖို့ အားထုတ်ကြသည်။ ဖက်ရှင်လောကကို ချန်မထားချေ။ Made in China ကို ဖက်ရှင်ဒီဇိုင်းလောကတွင် နေရာရဖို့ အားထုတ်ကြသည်။ ထိုအခါ ပြည်တွင်းမှ နာမည်ရ ဖက်ရှင်ဒီဇိုင်နာများကို ပွဲထုတ်သည်။ အထက်တန်းလွှာအတွက် ဖက်ရှင်ဝတ်စုံများကို ဂွာအပါအ၀င် တရုတ်ဖက်ရှင်ဒီဇိုင်နာများ ထုတ်လုပ်ပေးကြသည်။ အနာဂတ်အလားအလာ ကောင်းနေပုံကို ဂွာပေးက ယခုလို သုံးသပ်ပြခဲ့သည်။
‘‘လူတော် လူငယ် ဖက်ရှင်ဒီဇိုင်နာတွေ တရုတ်ပြည်မှာ အများအပြား ရှိနေတယ်။ ဒါပေမဲ့ နိုင်ငံတကာ ပြိုင်ကွင်းထဲ ၀င်ဖို့ဆိုတာကတော့ အချိန်ယူပြီး လုပ်ရလိမ့်မယ်။ ဘာလို့လဲဆိုတော့ တရုတ်ပြည်မှာ အစိုးရရဲ့ မူဝါဒတွေကြောင့် ဖက်ရှင်ဒီဇိုင်း ကွယ်ပျောက် နေခဲ့ပြီး ပြန်ပေါ်လာတာ နှစ်ပေါင်း ၃၀ လောက်ပဲ ရှိသေးတယ်။ ရှေးရှေးတုန်းက ရှိထားတဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ပြန်ဖော်ရဦးမယ်’’