ဧပြီလ တတိယပတ်မှာ Mango ရဲ့ ရိုးစင်းတဲ့ နွေဝတ်စုံကို လူကြိုက်အများဆုံး ဖြစ်သွားခဲ့ပါတယ်။
ဖက်ရှင်အ၀တ်အစားတွေကို အင်စတာဂရမ်မှတစ်ဆင့် လူအများတို့ကို အသိပေးကြတဲ့အတိုင်း Mango ရဲ့ နွေဝတ်စုံကို အင်စတာဂရမ်မှာ တင်ပြခဲ့ရာမှ လူကြိုက်များပြီး လိုက်လုပ်သူတွေ မျှဝေသူတွေ များပြားသွားခဲ့တယ်။ နောက်တော့ နွေဝတ်စုံကို ၀တ်ဆင်ပြထားတဲ့ ပုံတွေ အင်စတာဂရမ်မှ တက်လာတာ တွေ့ကြရတယ်။ လှိုင်းလုံးတစ်ခုလို ၀ုန်းဝုန်းထသွားတယ်။
ဈေးနှုန်းက ဗြိတိသျှ ပေါင်ငွေ ၉၀ ဖြစ်ပါတယ်။ မြန်မာကျပ်နဲ့ဆိုရင် တစ်သိန်း ခုနစ်သောင်းကျပ်နီးပါး ကျသင့်ပါတယ်။
အသားပျော့ပျော့နဲ့ ကြော့မော့နေစေတဲ့ အ၀တ်အထည် ဖြစ်ပါတယ်။ အိစက်ညက်ညောတယ်။ တစ်ခြမ်းအပေါ်ကို ကျန်တစ်ခြမ်းထပ်အုပ်ပြီး ခါးပတ်နေရာမှာ ချည်လိုက်ရုံဖြင့် ၀တ်ဆင်လို့ရတဲ့ အပေါ်ရုံထည်မျိုး ဖြစ်ပါတယ်။ အောက်ဖက် အရှည်ကတော့ ကြမ်းထိတဲ့အထိ ရှည်တယ်။ ဒါပေမဲ့ ခြေထောက်တွေ လွတ်လပ်ဖို့ အကွဲပါတယ်။ အနားသတ်အတွန့်အထပ်တွေကို အသေးစိတ်ပေးထားတယ်။ လည်ပင်းက ဗီပုံဖြစ်တာမို့ လွတ်လပ်တဲ့အရသာကို ပေးတယ်။ လက်က တံတောင်ဆစ်လောက်အထိပဲ ရောက်ပြီး ပွပေးထားတာမို့ လွတ်လပ်တယ်။
ပူတဲ့အိုက်တဲ့ နွေရာသီမှာ ဘယ်သူက တင်းတင်းကျပ်ကျပ်မျိုးတွေကို ၀တ်ချင်မှာလဲ။ လူက အိုက်ရတဲ့အထဲ စိတ်ပါ အိုက်မယ်။
ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် လေ၀င်လေထွက်ကောင်းတာမျိုးကို ၀တ်မှ စိတ်အိုက်တာ ကင်းတယ်။
ဒီနွေဒီဇိုင်းကို အဖြူရောင်ဖြင့် ထုတ်လုပ်ထားတယ်။ အဖြူရောင်ဟာ အပူစုပ်တာ အနည်းဆုံးအရောင်ဖြစ်လို့ အပူပြင်းတဲ့ အာရပ်နိုင်ငံတွေမှာ ၀တ်ကြတဲ့အရောင် ဖြစ်တာမို့ Mango ရဲ့ နွေဝတ်စုံကို အဖြူလုပ်ပေးထားတာကိုက နှစ်ခြိုက်စရာတစ်ခု ဖြစ်နေတယ်။