Facebook မှာ ရှိနေတဲ့ ကိုယ်ရေးကိုယ်တာ ဒေတာတွေ ပေါက်ကြားပြီး တလွဲအသုံးပြုတဲ့အမှုကြောင့် ပြဿနာ အကြီးအကျယ်တက်တော့ Facebook ရဲ့ CEO
ဖြစ်သူ မတ် ဇပ်ကာဘာ့ကို အမေရိကန်နိုင်ငံ ကွန်ဂရက်က မေးမြန်းကြားနာဖို့ ဆင့်ခေါ်တယ်။ အဲဒီအခါမှာ အသက် ၃၃ နှစ် ရှိသူ ဘီလျံနာ ဇပ်ကာဘာ့က ဘယ်လို ၀တ်မလဲဆိုတာ စိတ်ဝင်တစားဖြစ်ကြတယ်။ သူ့အကြိုက်က မီးခိုးရောင်တီရှပ်၊ ဂျင်းဘောင်းဘီနဲ့ စနီကာရှူးဖြစ်လို့ အဲဒီလို အ၀တ်အစားမျိုးနဲ့ ကွန်ဂရက်အမတ်တွေရှေ့မှောက် ရောက်လို့ မရတာ သေချာနေတယ်။
စီးပွားရေး လုပ်ငန်းရှင် လူကြီးလူကောင်းတွေ ၀တ်ဆင်တဲ့ ကုတ်အင်္ကျီ၊ ဘောင်းဘီရှည်နဲ့ နက်ကတိုင်ကို ဆင်မြန်းထားတာကို တွေ့ကြရတယ်။
Facebook ရဲ့ ဦးစီးဖြစ်သူ ရံဖန်ရံခါမှာတော့ လူကြီးလူကောင်းဆန်ဆန် ကောင်းကောင်းမွန်မွန် ၀တ်စားပါတယ်။ ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီးကို သွားတွေ့တဲ့အခါ၊ အမေရိကန်သမ္မတကို အိမ်ဖြူတော်မှာ တွေ့ဆုံရတဲ့အခါ အဲဒီလိုမျိုး အချိန်အခါတွေမှာ ကုတ်အင်္ကျီ၊ နက်တိုင်၊ ဘောင်းဘီရှည်၊ သားရေရှူးတို့ကို ဆင်မြန်းတာ တွေ့ကြရပါတယ်။
သူက မီးခိုးရောင် တီရှပ်ကို အမြဲဝတ်တာမှာ အဲဒီ တီရှပ်လက်တိုက ဒီဇိုင်နာ Brunello Cucinelli ရဲ့ တီရှပ်ဖြစ်ပြီး ကန်ဒေါ်လာ ၃၅၀ ၀န်းကျင် တန်ပါတယ်။ သူ့ကိုယ် အတိုင်းအတာနဲ့ အံကိုက်ဖြစ်အောင် ချုပ်ပေးထားတာလို့လည်း ဆိုကြပါတယ်။ အထူးသဖြင့် သူ့လက်မောင်းအိုးမှာ တီရှပ်က အံကိုက် fit ဖြစ်နေတာ သိသာပါတယ်။
အကျယ်တ၀င့်ကို အောက်ပါ ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်
ယူနီဖောင်း ပြောင်းတဲ့ ဖေ့စ်ဘုတ် စီအီးအို
Mr. Zuckerberg ရဲ့ တစ်ကိုယ်ရေ ဘ၀တစ်လျှောက်မှာ တိုးတက်ပြောင်းလဲမှုတွေ ဖြတ်သန်းခဲ့တယ်။ အိမ်ထောင်ပြုတယ်။ ကလေးရတယ်။ Facebook ကို အမျိုးမျိုး ဝေဖန်တိုက်ခိုက်တာတွေ ရှိခဲ့တယ်။ အဲဒီ အတွေ့အကြုံတွေ၊ တိုးတက်ပြောင်းလဲမှုတွေဟာ သူ့ရဲ့ ၀တ်ပုံစားပုံအပေါ်လည်း သြဇာသက်ရောက်မှု ရှိမယ် ထင်ပါတယ်။
ကောလိပ်ကျောင်းသားဘ၀မှာ Mark Zuckerberg ဟာ Facebook ရဲ့ အရုံဦးကာလကို ဖြတ်သန်းတယ်။ ကုမ္ပဏီ ထူထောင်လိုက်တယ်။ Harvard တက္ကသိုလ်ကနေ ကျောင်းထွက်လိုက်တယ်။ ကုမ္ပဏီကို ဦးစီးလုပ်ကိုင်တယ်။ အဲဒါတွေက ၂၀၀၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
၁။ စည်းအပြင်မှာ (၂၀၀၄)
Facebook ရဲ့ အစောပိုင်းကာလမှာ Mr. Zuckerberg က လုပ်ငန်းရှင် စီးပွားရေးသမား တွေ ၀တ်လေ့ဝတ်ထ ရှိတဲ့ ဥရောပ ၀တ်စုံကို မ၀တ်ဆင်ဘူး။ နက်တိုင်ဆိုတာ ဝေးစွတကား။ ယုတ်စွအဆုံး ရှူးဖိနပ်ကိုတောင် မ၀တ်ဘူး။ သူ ကောလိပ်ကျောင်းသားဘ၀မှာ ၀တ်ခဲ့တဲ့အတိုင်းပဲ ၀တ်စားဆင်ယင်တာ တွေ့ကြရတယ်။ ခြေထောက်မှာ ကွင်းထိုးဖိနပ်၊ ဘောင်းဘီက ဂျင်း၊ အင်္ကျီက တီရှပ်၊ အခုခေတ် အိုင်တီနည်းပညာ လုပ်ငန်းရှင်တွေရဲ့ စတိုင်လို့ ဆိုရပါမယ်။ စိတ်အိုက်မယ့် အ၀တ်အစားမျိုးတွေကို မ၀တ်ကြဘူး။ ထသွားထလာ လွတ်လွတ်လပ်လပ် အ၀တ်အစားမျိုးတွေကို ၀တ်ဆင်ကြတယ်။ Mr. Zuckerberg က ရင်းနှီးမြှုပ်နှံမှု အကြီးကြီးတွေ ထည့်ဝင်မယ့်သူကို သွားတွေ့တဲ့အခါမှာလည်း အခုလိုမျိုး ကွင်းထိုးဖိနပ်၊ ဂျင်းဘောင်းဘီရှည်နဲ့ တီရှပ်တို့ကို ၀တ်ဆင်ခဲ့ပါတယ်။
၂။ မသက်မသာ သက်သောင့်သက်သာ (၂၀၁၀)
အဲဒီနှစ်မှာ Wall Street Journal က ကြီးမှူးပြီး နည်းပညာ ကွန်ဖရင့်တစ်ခု ကျင်းပတယ်။ Mr. Zuckerberg က စင်ပေါ်မှာ အင်တာဗျူး ခံတယ်။ သူက ခေါင်းစွပ်အင်္ကျီ hoody ကို ၀တ်နေကျ တီရှပ်အပေါ်မှာ ထပ်ဝတ်ထားတယ်။ အိုက်ပြီး ချွေးတွေ ထွက်ကုန်တဲ့အထိပဲ။ ဒီတော့ သူက ခေါင်းစွပ်အင်္ကျီ hoody ကို ချွတ်ပစ်လိုက်တယ်။ မသက်မသာ ဖြစ်နေရတာကို သက်သောင့်သက်သာ ဖြစ်အောင် လုပ်ပစ်လိုက်တယ်။ အောင့်အည်းသည်းခံပြီး ဆက်ဝတ်မထားဘူး။ လူအများရှေ့ စင်မြင့်ထက်မှာ ဖြစ်နေပေမဲ့ သူက hoody ကို ချွတ်ပစ်ပါတယ်။ ဒီတော့ သူ့ကို မြင်ရနေကျအတိုင်း မီးခိုးရောင် တီရှပ်နဲ့ တွေ့ကြရတယ်။ သူက အဲဒီပွဲကို လေးစားသမှု ရှိကြောင်း ပြချင်တာလားလို့ ယူဆစရာကတော့ ခါတိုင်းလို ကွင်းထိုးဖိနပ် စီးမလာပဲ စနီကာ စီးလာတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အများကြီး တိုးတက်သွားတဲ့ ၀တ်ပုံစားပုံလို့ မှတ်ချက်ပြုကြတယ်။
၃။ ရှယ်ယာ စတင်ရောင်းချပွဲ(၂၀၁၂)
အဲဒီနှစ်မှာ Facebook ရဲ့ ကနဦး ရှယ်ယာတွေ စတင်ရောင်းချတယ်။ လူထုကို ရောင်းချပေးပြီး အရင်းအနှီးငွေကြေး ရယူတာ ဖြစ်ပါတယ်။ အဲဒီလို စတင်ရောင်းချခြင်း အခမ်းအနားကို ကုမ္ပဏီရဲ့ ရုံးချုပ်မှာ အဖွင့်ခေါင်းလောင်းတီးတယ်။ ရှယ်ယာတွေကို အိုင်တီနည်းပညာဖြင့် ရောင်းချပေးတဲ့ Nasdaq နဲ့ Facebook တို့ရဲ့ သမားရိုးကျ ရှယ်ယာရောင်းချတဲ့နည်းကို ကျောခိုင်းဖောက်ထွက်ပြီး အိုင်တီနည်းပညာဖြင့် ရောင်းချ တာကို လုပ်ကိုင်လိုက်ကြတာ ဖြစ်ပါတယ်။ တကယ်လို့များ သမားရိုးကျ လုပ်မယ်ဆိုရင် နယူးယောက် စတော့အိပ်ချိန်းမှာ ခေါင်းလောင်းတီးပြီး စရောင်းပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် ခေါင်းလာင်းတီးပေးရမယ့် Mr. Zuckerberg ဟာ ကုတ်အင်္ကျီနဲ့ ဘောင်းဘီ၊ လယ်သာရှူး၊ နက်တိုင်တို့ကို စမတ်ကျကျ မဖြစ်မနေ ၀တ်ဆင်ရမှာ ဖြစ်ပါတယ်။ Nasdaq မှာတော့ ခေါင်းစွပ်အင်္ကျီ hoody ဆိုရင် လုံလောက်ပါပြီ။ မလေးမစားပြုရာ မရောက်ပါဘူး။
၎။အိမ်ဖြူတော်ကို လေးစား(၂၀၁၅)
အဲဒီနှစ်မှာ အိမ်ဖြူတော်ကို တရုတ်နိုင်ငံသမ္မတ စီကျင်းပင် တရားဝင် အလည်အပတ် လာရောက်တဲ့အခါ ညစာစားပွဲဖြင့် တည်းခင်းတယ်။ အဲဒီ ညစာစားပွဲကို Mr. Zuckerberg တို့ လင်မယား တက်ရောက်ကြရတယ်။ Mr. Zuckerberg က ကုတ်အင်္ကျီ ဥရောပ၀တ်စုံကို နက်တိုင်နဲ့တကွ ကျကျနန ၀တ်ဆင်ထားတာ တွေ့ကြရတယ်။ အစဉ်အလာထုံးတမ်းတွေအရ ၀တ်စားဆင်ယင်နိုင်သူတစ်ဦးဆိုတာ ပြသနေတယ်။ ရင့်ကျက်တဲ့ လုပ်ငန်းရှင်တစ်ဦးအဖြစ် သူ့ကို မြင်တွေ့ကြတယ်။
ကျကျနန ချုပ်ထားတဲ့ ၀တ်စုံဖြစ်ပြီး သူ့ကိုယ် အတိုင်းအတာနဲ့ အပ်ထည်အဖြစ် ချုပ်ထားတာမျိုး ဖြစ်ပါတယ်။ အသင့်ချုပ်ပြီးသား ရောင်းချတာမျိုးကို ကောက်ဝတ်လာတာ မဟုတ်လို့ ၀တ်စုံနဲ့ ကျနသေသပ်နေပုံကို ချီးကျူးကြတယ်။
မပေါ့မပါး ကိုယ်ဝန်ဆောင် ဇနီးသည်ကတော့ အနီရင့်ရင့်တစ်ရောင်တည်းလွှမ်းတဲ့ ရိုးရိုးရှင်းရှင်း ၀တ်စုံကို ဆင်မြန်းထားတယ်။
၅။ ပုပ်ရဟန်းမင်းနဲ့ တွေ့ဆုံခြင်း (၂၀၁၆)
အဲဒီနှစ်မှာ အီတလီနိုင်ငံ ရောမမြို့တော်မှာ တည်ရှိတဲ့ ဗာတီကန်မြို့တော်ကို Mr. Zuckerberg သွားရောက်ပြီး ပုပ်ရဟန်းမင်းနဲ့ တွေ့ဆုံတယ်။ Vatican City ဟာ ဘာသာရေးအရ အလေးအမြတ်ထားကြတဲ့ အထွပ်အမြတ် နေရာ ဖြစ်ပါတယ်။
သူက အလေးအမြတ်ထားကြောင့် ပြသတဲ့ ၀တ်ပုံစားပုံကို သူ ၀တ်ဆင်ထားတယ်။
ကျကျနန ချုပ်ထားတဲ့ ဥရောပ၀တ်စုံကို ဆင်မြန်းထားတယ်။ ခမ်းနားလေးနက်ခြင်းကို ပြသနေတယ်။ ပုပ်ရဟန်မင်း ဖရန်စစ်နဲ့ တွေ့ဆုံပြီး စကားစမြည် ပြောဆိုခဲ့တယ်။ ရှပ်အင်္ကျီအဖြူ ကော်လာက သိသာနေတယ်။ ရင့်ကျက်တဲ့သူတစ်ဦး အသွင်ကို ပေါ်လွင်နေတယ်။
၆။ တက္ကသိုလ်ပြန်ရောက် (၂၁၀၇)
သူက တက္ကသိုလ်ပညာရေး မဆုံးခင်မှာ သူ တက်နေတဲ့ Harvard တက္ကသိုလ်မှ ကျောင်းထွက်ခဲ့တယ်။ သူ တက်ခဲ့တဲ့ တက္ကသိုလ် ပရ၀ုဏ်ထဲ ပြန်လည်ရောက်ရှိခဲ့တယ်။ သူနေခဲ့တဲ့ အဆောင်မှ သူနေခဲ့တဲ့ အခန်းကို သူ သွားကြည့်တယ်။ သူက ကျောင်းသားတစ်ဦး မဟုတ်တော့ဘူး။ ကမ္ဘာသိလုပ်ငန်းရှင် တစ်ဦး ဖြစ်နေပြီ။ ကျကျနန သူ ၀တ်စားထားတယ်။ ရင့်ကျက်တည်ငြိမ်တဲ့ လုပ်ငန်းရှင် တစ်ဦးရဲ့ စတိုင်လ်မျိုးနဲ့ သူ့ကို တွေ့ကြရတယ်။ မိုးပြာနုအရောင် လည်စည်းက တစ်မူထူးခြားနေပါတယ်။
၇။ စာဖိုမှူး(၂၀၁၈)
မကြာသေးခင်ကမှ Instagram မှာ သူ့ရဲ့ ဓာတ်ပုံကို တင်တာမှာ အိမ်နေရင်း အ၀တ်အစားနဲ့ တွေ့ရတယ်။ သူဝတ်နေကျ အရောင်ဖြစ်တဲ့ မီးခိုးရောင်ကို ၀တ်ဆင်ထားတယ်။ သူက အရောင်ကန်းသူတစ်ဦး ဖြစ်ပါတယ်။ သူ့အဖို့ အရောင်တွေ စုံလင်နေဖို့ မလိုဘူး။ မွဲခြောက်ခြောက် မီးခိုးရောင်ဆိုလည်း အဆင်ပြေတယ်။ အနီ-အစိမ်းကို သူ အရောင်ကန်းတယ်။ သူအမြင်နိုင်ဆုံးအရောင်က အပြာရောင် ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အပြာရင့်ရောင်ကို Facebook မှာ သုံးစွဲဖြစ်ခဲ့တယ်လို့ ဆိုရင် မမှားနိုင်လောက်ဘူး။ သူအမြင်ရဆုံးအရောင်ကို သူသုံးခဲ့တာ ဖြစ်ပါလိမ့်မယ်။
၈။ ကွန်ဂရက် ကြားနာခြင်း(၂၀၁၈)
Mr. Zuckerberg က ကွန်ဂရက်ကို သွားပြီး မေးမြန်းကြားနာခြင်းကို ရင်ဆိုင်ရတယ်။ fit ဖြစ်နေတဲ့ ဥရောပ၀တ်စုံကို အကျအန ၀တ်ဆင်ထားတယ်။ အပြာနုရောင် လည်စီးက အထင်းသား ပေါ်လွင်နေတယ်။ ရှပ်အင်္ကျီကော်လာက သူဝတ်နေကျ အင်္ကျီအဖြူရောင်တွေရဲ့ ကော်လာအပြန့် ဖြစ်ပါတယ်။ လုပ်ငန်းရှင်တစ်ဦး ဆိုတာထက် တရားတဘောင်လာရင်ဆိုင်တဲ့ ၀ါရင့်ရှေ့နေတစ်ဦးလို လေးလေးနက်နက် စတိုင်လ်ကို တွေ့ကြရတယ်။
Mr. Zuckerberg က အခြေအနေနဲ့ အချိန်အခါ ရောက်ရှိနေတဲ့နေရာ ကာလံဒေသံနဲ့ အဆင်ပြေညီညွှတ်စွာ ၀တ်စားဆင်ယင်သူလို့ stylist များတို့က မှတ်ချက်ချကြတယ်။