ရာဘာဖိနပ်လှလှတွေ ထုတ်တဲ့ Crocs ရဲ့ ဖိနပ်တွေကို နှစ်သက်သူတွေ ရှိသလို မုန်းတဲ့သူတွေလည်း ရှိတယ်။
ဖိနပ်တွေက ရာဘာသား ဖြစ်တာမို့ အိမ်က ခြံထဲဆင်းရင် စီးဖို့ အဆင်ပြေလို့ ကြိုက်ကြတယ်။ အိမ်တွင်းစီးအဖြစ်လည်း အဆင်ပြေတယ်။ ဆေးရုံမှာ စီးဖို့လည်း အဆင်ပြေလို့ ကြိုက်ကြတယ်။ ဒါပေမဲ့ ကွင်းထိုးခြေစွပ်ဖိနပ်တွေ ဖြစ်နေလို့ တန်းမ၀င်ဘူးလို့ ယူဆကြတယ်။ မတင့်တယ်ဘူး။ အကျည်းတန်စေတယ်လို့ ရှုမြင်ခံရတယ်။
Crocs က အထက်တန်းစား ဖက်ရှင်တိုက် Balenciagaနဲ့ ပူးပေါင်းပြီး အမျိုးသမီးစီး ရာဘာ ခြေစွပ်ဖိနပ်ကို ထုတ်လုပ်ခဲ့တယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၈၅၀ ။ ပန်းနုရောင် ခွာထူထူဒီဇိုင်း။ ရုံးတက်ရင် စီးဖို့တော့ မတင့်တယ်ဘူး။ အဲဒီဖိနပ်စီးပြီး လမ်းလျှောက်ရင် ခြေခေါက်ပြီး လဲကျကိန်း ရှိတယ်။ ရာဘာ ခြေစွပ်ဖိနပ်ဖြစ်ပေမဲ့ ဈေးက ခေါင်ခိုက်နေတယ်။ သားရေအစစ် အမြင့်တန်းရဲ့ ဈေးမျိုး ဖြစ်နေတယ်။ ဒါပေမဲ့ ကြိုတင်အမှာစာတွေနဲ့တင် ပထမအသုတ် ထုတ်လုပ်ထားတာတွေ ရောင်းကုန်သွားခဲ့တယ်။
အခု Crocs က ဒေါက်မြင့်ဖိနပ်အဖြစ် ရာဘာခြေစွပ်ဖိနပ်ကို ထုတ်လုပ်လိုက်တယ်။ ဈေးနှုန်းက ၄၄ အမေရိကန်ဒေါ်လာ။ Amazon အွန်လိုင်းပေါ် စရောင်းရောင်းချင်းမှာပဲ ရောင်းလို့ ကုန်သွားခဲ့ပြန်ပါတယ်။ အရောင်းရဆုံး အရောင်က ပလက်တီနမ်နဲ့ သစ်ခွခရမ်းရောင်။
၂၀၀၇ ခုနှစ်တုန်းက Sassari လို့ အမည်ပေးထားတဲ့ ခုံမြင့်ဖိနပ်ကို ထုတ်လုပ်ရောင်းချခဲ့ဖူးတယ်။ ခွာထူပေးထားတဲ့ ခြေစွပ်ဖိနပ် ဖြစ်ပါတယ်။
အခုတစ်ကြိမ်ကတော့ တကယ့်ဒေါက်မြင့်ဖိနပ်အစစ်ကို ထုတ်လုပ်ရောင်းချလိုက်တာ ဖြစ်ပါတယ်။ “Cyprus V” လို့ အမည်ပေးထားတဲ့ အဲဒီ ဒေါက်မြင့်ဖိနပ်ရဲ့ ဒီဇိုင်းပိုင်းမှာ ထူးခြားချက်တွေ ရှိနေတယ်။
ဒေါက်အမြင့် ၂ လက်မ ရှိတာမှာ ဒေါက်ရဲ့ အရွယ်အစားက တခြားဒေါက်မမြင့်ဖိနပ်တွေထက် သိသိသာသာ ပိုကြီးထားတော့ စီးတဲ့သူ ဟန်ချက်ထိန်းဖို့ ပိုတည်ငြိမ်တယ်။ ဒေါက်ချော်ပြီး ခြေခေါက်လဲဖို့ ခဲယဉ်းစေတယ်။ ဒီတော့ စိတ်ချလက်ချ စီးလို့ရတယ်။ ဒေါက်ကိုလည်း ရာဘာနဲ့ပဲ လုပ်ထားတယ်။
ဖိနပ်မှာ foam ရေမြှုပ်သားထည့်ပေးထားတော့ ကူရှင်ပေါ် နင်းထားရသလိုမျိုး အရသာ ထူးတယ်။ ခြေဖမိုးအပေါ်မှာ ခန့်ထည်တဲ့ သဲကြိုးတွေ တပ်ပေးထားလို့ ခြေထောက်ကို အကာအကွယ် ရစေတယ်လို့ Crocs က မှတ်ချက်ပေးထားတယ်။
ဖိနပ်တစ်ရံလုံး ရာဘာသားနဲ့ လုပ်ထားတာမို့ ဆပ်ပြာရည်မှာ စိမ်ဆေးလို့ ရတယ်။ ဒီတော့ ရေဗွက်ထဲ စီးမိလို့ ပြဿနာ မရှိဘူး။ တောက်ပြောင်နေအောင် ဘရပ်နဲ့ ပွတ်တိုက်ဆေးကြောလို့ရတယ်။ ပြီးတော့ အကြမ်းခံတယ်။
ကောင်းချက်တွေ ရှိသလို လိုအပ်ချက်လည်း ရှိနေတယ်။ ခြေမနဲ့ ခြေညှိုးကြားမှာ ဖိနပ်သဲကြိုး မပါဘူး။ ခြေဖနောင့်အထက်မှာလည်း သိုင်းကြိုး မပါဘူး။ ဒီတော့ ခြေထောက် အကြွမှာ ကျွတ်မထွက်အောင် ထိန်းဖို့ ခက်နေနိုင်တယ်။
ဖက်ရှင်ဝက်ဘ်ဆိုက်အချို့မှ ဝေဖန်သူတွေက ကမ္ဘာ့အကျည်းတန်ဆုံး ဒေါက်မြင့်ဖိနပ် လို့ ပြောဆိုကြတယ်။ တကယ်တော့ အလှအပထက် စီးတဲ့သူ သာယာသာယာ ဖြစ်ဖို့ကို ဦးစားပေးထားတာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ရောင်းကုန်တဲ့အထိ ၀ယ်ယူအားပေး ကြတာ ဖြစ်ပါတယ်။ ဖိနပ်ရဲ့ ဦးပိုင်းကို လှပအောင် ထိပ်ရှူးပေးမထားဘူး။ ခြေချောင်းလေးတွေ ထိုးထည့်လိုက်ပြီးရင် ကျပ်ညပ်နေပြီး ကပ်ညပ်နေတဲ့ဝေဒနာ မရှိဘူး။
ပြီးခဲ့တဲ့ နှစ်တုန်းက ထုတ်ခဲ့တဲ့ ၃ လက်မ ဒေါက်မြင့် ရာဘာဖိနပ်မှာတုန်းက အလှအပကို ဦးစားပေးခဲ့လို့ ဒေါက်ကလည်း သေးသွယ်တယ်။ ထိပ်ဖျားကလည်း ဦးချွန် ဖြစ်နေတယ်။ Balenciaga နဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တာမို့ ဈေးကလည်း ကြီးတယ်။ အမေရိကန်ဒေါ်လာ ၈၅၀ ။
Croc က ၂၀၁၆ ခုနှစ် နယူးယောက်ဖက်ရှင် သီတင်းပတ်မှာ အဖိုးတန် ရတနာစီခြယ် ရာဘာ ခြေစွပ်ဖိနပ်ကို ပွဲထုတ်ဖူးတယ်။ လန်ဒန်မြို့မှ ဒီဇိုင်နာ Christopher Kane ရဲ့ စိတ်ကူးစိတ်သန်း ဖြစ်ပါတယ်။ ဖိနပ်မှာ လေပေါက်တွေ ဖောက်ပေးထားတယ်။ ခြေဖနောင့်မှာ သိုင်းကြိုးပါတယ်။
Croc က ရာဘာဖိနပ် အမျိုးမျိုး ထုတ်လုပ်နေပြီး အခုလို သတင်းကြီးတဲ့အထိ ရောင်းကောင်းတဲ့ဟာမျိုးတွေ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။