၂၀၁၈ ခုနှစ် ပထမ နှစ်ဝက်အတွင်း Google မှာ ရှာဖွေမှု အများဆုံး ဖက်ရှင်တိုက် Brand တွေရဲ့ ထိပ်ဆုံး ၁၀ ခု စာရင်းကို
၂၀၁၇ ခုနှစ် တစ်နှစ်လုံးအတွက် စာရင်းနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ အပြောင်းအလဲတွေ ရှိနေတာ တွေ့ကြရတယ်။ ၂၀၁၇ ခုနှစ်တုန်းက ဈေးကြီးတဲ့ စည်းစိမ်ပြ အမြင့်တန်း ဖက်ရှင် brand တွေ ကြီးစိုးထားတာကို Top 10 Searched Fashion Brands on Google မှာ တွေ့ကြရတယ်။
အခု ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်အတွက် Top 10 Searched Fashion Brands on Google ကို ကြည့်ကြရအောင် . . .
10. Dolce & Gabbana
TOP10 စာရင်းရဲ့ နံပါတ် (၁၀) နေရာမှာ D&G ရှိနေတယ်။ D&G အီတလီဖက်ရှင်တိုက်ကို ထူထောင်သူတွေဖြစ်ပြီး တော်လှန်ပြောင်းလဲရေး ဖက်ရှင် ဒီဇိုင်နာတွေ ဖြစ်ကြတဲ့ Domenico Dolce နဲ့ Stefano Gabbana တို့နှစ်ဦးရဲ့ အမည်ဖြင့် လုပ်ငန်းကို အမည်ပေးထားတယ်။ သူတို့နှစ်ဦးက D&G ရဲ့ brand အနာဂတ်ကို လုံးဝ ယုံကြည်တယ်။ ပုဂ္ဂလိကပိုင် လုပ်ငန်းအဖြစ် ဆက်လက်လုပ်ကိုင်နေကြပြီး အခုအထိ လူထုကို ရှယ်ယာတွေ ထုတ်ရောင်းပြီး အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ စိတ်ကူးမရှိသေးဘူး။ ကုမ္ပဏီကို ၀ယ်ယူဖို့ ကမ်းလှမ်းလာတာတွေကိုလည်း ငြင်းပယ်တယ်။
9. Yves Saint Laurent
YSL ဟာ ပြင်သစ်ကုမ္ပဏီတစ်ခု ဖြစ်ပြီး ဂူဂဲမှာ အရှာဖွေဆုံး TOP10 စာရင်းမှာ ဆက်လက်ပါဝင်နေတယ်။ ဆိုရှယ်မီဒီယာမှာ စွမ်းဆောင်ရည် အထူးတလည် ကောင်းမွန်ပြီ စတိုင်ဂုရုတွေကို အသုံးချနိုင်စွမ်း ရှိတယ်။ ထုတ်လုပ်လိုက်တဲ့ ဖက်ရှင်အသစ်ကို Instagram မှာ သတင်းဖြစ်အောင် လုပ်နိုင်တယ်။ အမျိုးသားဝတ် ဂျက်ကက်တွေကို မီဒီယာသတင်းတွေမှာ ဖော်ပြခံရတယ်။
၁၉၆၁ ခုနှစ်မှာ ထူထောင်ခဲ့ပြီး ကမ္ဘာပေါ်မှာ အထင်ရှားဆုံ ဖက်ရှင်တိုက်တစ်ခုလို့ အသိအမှတ်ပြုခံရတယ်။ ပါရီမှ L’Oreal လုပ်ငန်းစုက ပိုင်ဆိုင်တယ်။ tuxedo jacket တွေကို အမျိုးသမီးဝတ်နဲ့ အမျိုးသားဝတ် ထုတ်လုပ်ပြီး အဲဒီ ဂျက်ကက်တွေ မြင်တာနဲ့ YSL ဂျက်ကက်လို့ သိကြတဲ့အထိ အင်မတန် ထင်ရှားတယ်။ ဂျက်ကက်တစ်ထည်ရဲ့ ဈေးနှုန်းက ကန်ဒေါ်လာ ၃၅၀၀ ၀န်းကျင်ရှိတယ်။ အဲဒီ ဂျက်ကက်တွေကြောင့်လည်း YSL ဟာ ကမ္ဘာ့ထိပ်တန်း (၁၀) ဖက်ရှင် brand စာရင်းထဲမှာ တစ်ခုအပါအ၀င် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။
8. Fashion Nova
Fashion Nova က အွန်လိုင်း လက်လီအရောင်းဆိုင်လုပ်ငန်းအဖြစ် စတင်ခဲ့တယ်။ အမျိုးသမီးဝတ် အ၀တ်အစားတွေ ထုတ်လုပ်ရောင်းချတယ်။ ဆိုရှယ်မီဒီယာမှာ ဂယက်ထနေအောင် လုပ်ထားနိုင်တာမို့ Google မှာ ရှာဖွေမှု အများဆုံး brand အဖြစ် ဆက်လက်နေရာယူထားတယ်။ အမေရိကန်နိုင်ငံ လော့စ် အိန်ဂျယ်လိစ်မြို့မှာ အခြေစိုက်ထားတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ လက်လီအရောင်းဆိုင် ၅ ဆိုင် ဖွင့်လှစ်ထားတဲ့အထိ ကြီးထွားလာခဲ့တယ်။ အမျိုးသမီး အ၀တ်အစား ကုမ္ပဏီတစ်ခု အနေဖြင့် ကြီးထွားနှုန်း အမြန်ဆန်ဆုံးလို့ ပြောရင်ရလောက်တယ်။ တစ်နှစ်လျှင် ကြီးထွားနှုန်း ၆၀၀ ရာခိုင်နှုန်း ရှိတယ်။ ၂၀၁၈ ခုနှစ် ဇွန်လမှစလို့ Fashion Nova က အမျိုးသားဝတ် အ၀တ်အစားတွေကို ထုတ်လုပ်ရောင်းချပြီး ဈေးကွက်ဝေစုကို ချဲ့ကားခဲ့တာ တွေ့ရတယ်။
7. Balenciaga
အထက်တန်းစား ဈေးကြီးကြီး ဖက်ရှင် အ၀တ်အစားတွေကို အမျိုးသားဝတ်၊ အမျိုးသမီးဝတ် နှစ်မျိုးစလုံး ထုတ်လုပ်ရောင်းချတဲ့အပြင် တွဲစပ် ဖက်ရှင်ပစ္စည်းတွေလည်း ထုတ်လုပ်တယ်။ အိတ်တွေ၊ ခါးပတ်တွေ၊ မျက်မှန်တွေ၊ လက်ဝတ်လက်စားတွေ ရှူးဖိနပ်တွေ။ လေဒီရှူးတွေ စုံစုံလင်လင် လုပ်ကိုင်ပါတယ်။ ပြင်သစ်မှ နိုင်ငံတကာ စည်းစိမ်းပြဖက်ရှင်လုပ်ငန်းတစ်ခုဖြစ်တဲ့ Kering က Balenciaga ကို ၀ယ်ယူသိမ်းပိုက်ထားတယ်။ Kering ရဲ့ ထီးရိပ်အောက်မှာ Gucci, Bottega Veneta, နဲ့ Yves Saint Laurent တို့နဲ့အတူ ရှိနေတယ်။
6. Prada
Prada က လမ်းပေါ်ကို ဆင်းပြီး ဈေးကွက်ဝေစု ယူတာ တွေ့ရတယ်။ Parada ရဲ့ streetwear တွေ လူကြိုက်များတယ်။ နိုင်လွန်သား ရေစိုခံ အားကစားစတိုင်လ် ဘောင်းဘီရှည်တွေ ရေပန်းစားတယ်။ အလှရသ ပြည့်ဝတဲ့ ခါးပတ်အိတ်တွေကိုလည်း ကြိုက်ကြတယ်။ စီးပွားရေးအပိုင်းကို ကြည့်မယ်ဆိုရင်တော့ ၂၀၁၄ ခုနှစ်နောက်ပိုင်းမြှ ၀င်ငွေ အကျဘက်ကို ဆင်းနေတာ တွေ့ရတယ်။
5. Christian Dior
အစဉ်အလာ ကြီးမားတဲ့ ဖက်ရှင်တိုက်တစ်ခု ဖြစ်ပြီး ဥရောပမှ တစ်ကမ္ဘာလုံးကို ဖြန့်ကျက်ထားတယ်။ လက်လီအရောင်းဆိုင်တွေနဲ့အတူ အွန်လိုင်းအရောင်းဆိုင်တွေကိုလည်း ဖွင့်လှစ်ထားတယ်။ Christian Dior Group ဟာ ၂၀၁၈ ခုနှစ် ပထမ သုံးလပတ်မှာ ၀င်ငွေ ယူရိုဒေါ်လာ ၁၀ ဒဿမ ၉ ဘီလျံ ရရှိခဲ့တယ်။
Christian Dior ဟာ Forbes’ Global 2000 စာရင်းမှာ အ၀တ်အစားနဲ့ ရှူးကဏ္ဍမှာ အကြီးမားဆုံး လုပ်ငန်းကြီး အဖြစ် ပထမ နေရာကို ရရှိထားပါတယ်။
4. Chanel
Chanel ဟာ ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ် ရပ်တည်နေတယ်။ ပြင်သစ် ကုမ္ပဏီ ဖြစ်သည့်အားလျော်စွာ ပါရီမြို့မှာ အခြေစိုက်ထားတယ်။ ကမ္ဘာ့အကြီးမားဆုံး ဖက်ရှင် brand တွေထဲမှ တစ်ခု ဖြစ်ပါတယ်။ Forbes ရဲ့ တန်ဖိုးအကြီးဆုံး brand များ စာရင်းမှာ နံပါတ် ၇၈ ချိတ်တယ်။ ၂၀၁၈ ခုနှစ်မှာ brand တန်ဖိုး ကန်ဒေါ်လာ ၈ ဘီလျံ ထိုက်တန်တယ်။
ဖက်ရှင်တိုက်နဲ့ ဂီတစဲလီ ပူးပေါင်းလုပ်ကိုင်ကြတာ အဆန်း မဟုတ်ပါဘူး။ Chanel က အမေရိကန် ရက်ပါအဆိုတော် Pharrell Williams နဲ့ ပူးပေါင်းပြီး လက်ကိုင်အိတ်တွေနဲ့ စနီကာရှူးဖိနပ်တွေ ထုတ်လုပ်ရောင်းချတာ ရောင်းအား ကောင်းတယ်။ အခုအထိလည်း ရောင်းကောင်းနေတုန်းပဲ။ Chanel နဲ့ Pharrell တို့ ဒီဇိုင်းထုတ်ထားတဲ့ စနီကာကို adidas နဲ့ အတူတွဲပြီး ထုတ်လုပ်ရောင်းချတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ မှာ အရံ ၅၀၀ ကို စတင်ရောင်းချပေးခဲ့တာ ဖြစ်ပြီး ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁,၁၆၀ ဖြစ်ပါတယ်။ ဖိနပ် Model အမည်က NMD “Human Race” ဖြစ်ပြီး NMD Hu လို့ အမည်တွင်တယ်။ ယာဘက်ရှူးပေါ်မှာ Chanel လို့ စာတမ်းပါပြီး ၀ဲဘက်မှာတော့ Pharrell လို့ စာတမ်းထိုးပေးထားတယ်။
3. Supreme
တီရှပ်အဖြူတစ်ထည်ကို အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်အထိ မှောင်ခိုဈေး ဖြစ်စေတဲ့ Supreme က ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်အတွက် Top 10 Searched Fashion Brands on Google စာရင်းရဲ့ တတိယနေရာကို ရောက်ရှိနေပါတယ်။
တီရှပ်တစ်ထည် $1,750 ဘယ်လို ရောင်းသလဲ ဆိုတဲ့ အရောင်းဗျူဟာကို လေ့လာထားသင့်တယ်။
2. Louis Vuitton (LVMH)
Louis Vuitton က ထုတ်လုပ်တဲ့ ဖက်ရှင်ပစ္စည်းတွေက အမျိုးအမည် စုံလင်တယ်။ အ၀တ်သေတ္တာတွေ၊ သားရေထည်တွေ၊ အသင့်ချုပ်ပြီး အ၀တ်အစားတွေ၊ နာရီတွေ၊ လက်ဝတ်ရတနာတွေ၊ နေကာမျက်မှန်တွေ၊ စာအုပ်တွေ . . .
အဆင့်မြင့် ကုန်တိုက်တွေမှာ ဖွင့်ထားတဲ့ လက်လီအရောင်းဆိုင်တွေ၊ ကိုယ်ပိုင် ၀က်ဘ်ဆိုက် အရောင်းဆိုင်တွေ ကိုယ်ပိုင် လက်လီအရောင်းဆိုင်တွေကနေ ရောင်းချတယ်။ နိုင်ငံပေါင်း ၅၀ ကျော်မှာ ဆိုင်ပေါင်း ၄၆၀ ဖွင့်လှစ်ထားတယ်။ Forbes ရဲ့ အဆိုအရ ၂၀၁၈ ခုနှစ်မှာ Brand ခန့်မှန်းတန်ဖိုး ၃၃ ဒဿမ ၆ ဘီလျံ ရှိတယ်။
1. Gucci
အီတလီမှ ဖက်ရှင်နဲ့ သားရေထည် လုပ်ငန်းကို ပြင်သစ်မှ Kering က ပိုင်ဆိုင်ပါတယ်။ Google မှာ ရှာဖွေမှု အများဆုံး brand နံပါတ် (၁) နေရာကို ၂၀၁၇ ခုနှစ်တုန်းကတည်းက ရရှိထားတာ ဖြစ်ပါတယ်။ လူငယ်နဲ့ လူလတ်ပိုင်းအကြား မျိုးဆက် အဆက်ဆက် ရေပန်းစားအောင် ထိန်းပေးထားနိုင်တာ တွေ့ရတယ်။ ဆိုရှယ် ကွန်ရက်တွေဖြစ်တဲ့ Instagram နဲ့ Youtube မှာ ပရိသတ် အခိုင်အမာ ရှိတယ်။
၁၉၂၁ ခုနှစ်မှာ သားရေထည် လုပ်ငန်းအဖြစ် စတင်ခဲ့တယ်။ အခုအခါမှာတော့ အမျိုးသားနဲ့ အမျိုးသမီး ဖက်ရှင် အ၀တ်အစားတွေကို စူးစိုက်လုပ်ကိုင်နေပြီး ကလေးဝတ် အ၀တ်အစားတွေကို ၂၀၁၀ ခုနှစ်မှာ စတင်ခဲ့တယ်။
Source: Google Trends