အ၀တ်အစား ၀တ်ဆင်တာကို အကောင်းဆုံးဖြစ်အောင် ဘယ်လို ၀တ်ဆင်ရမလဲဆိုတာ Naoko Okusa ကို မေးမြန်းရင် သူက ဘီဒိုထဲက အ၀တ်တွေကို မကြည့်ခင်၊ ကိုယ်လုံးပေါ်မှန်ရှေ့မှာ မတ်တတ်ရပ်ပြီး မှန်ထဲကို မကြည့်ခင် သင့်ရဲ့ စိတ်အတွင်းကို ကြည့်ပါလို့ သင့်ကို အကြံပေးပါလိမ့်မယ်။
အိုကုဆာဟာ ဂျပန်မှာ သြဇာတိက္ကမ အရှိဆုံး fashion stylist တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာတော့ follower ၁၃၆,၀၀၀ ဦး ရှိတာ တွေ့ရတယ်။ သူက ကိုယ်တိုင် စမ်းသပ်ဝတ်ဆင်ကြည့်ပြီးမှ အကြံပေးလေ့ရှိသလို အားမနာစတမ်း အမှန်အတိုင်း အကျိုးရှိတာတွေကိုသာ အကြံပေးလေ့ ရှိသူလည်း ဖြစ်ပါတယ်။
စိန်နားဒေါင်းအရောင်နဲ့ ပါးပြောင်
******************
အဲမက်စ် HERMÈS ရဲ့ အင်မတိအင်မတန် ဈေးကြီးတဲ့ ကန်ဒေါ်လာ သောင်းချီတန်တဲ့ ဘာကင် Birkin လက်ကိုင်အိတ်နဲ့ ပတ်သက်လို့ သူက အခုလို ပြောပြဖူးတယ်။
ဒီဇိုင်နာ အမှတ်တံဆိပ်တွေကိုပဲ စတိုင်လ်ထုတ်ဖို့ သင်အားကိုးနေပြီး အဲမက်စ် ဘာကင် လက်ကိုင်အိတ်ကို ကိုင်ထားတာ လူတွေ မြင်အောင် ဟန်ရေးပြနေတယ်ဆိုရင် သင်ဟာ ဖက်ရှင်ရဲ့ ဘာသာစကားကို မတတ်သေးလို့ နားမလည်သေးကြောင်း ပြသနေတဲ့ လက္ခဏာပဲ။ “ကျမကို ဘာကင်အိတ်ကိုင်တဲ့ အမျိုးသမီးလို့ လူတွေက မှတ်မိနေတာမျိုးကို ကျမ မလိုချင်ပါဘူး။ ဘာလို့လဲဆိုတော့ လူတွေက ဈေးကြီးတဲ့ ဘာကင်အိတ်ကို အထင်ကြီးနေကြတာ ဖြစ်ပြီး ကျမကို အထင်ကြီးကြတာမှ မဟုတ်တာ။ ဒီဇိုင်နာ လက်ကိုင်အိတ်အတွက် ပုံအောပြီး သုံးဖို့ ရွေးချယ်ပြီး ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိတဲ့အဖြစ်ကို ခံယူထားတယ်ဆိုရင် သူရဲ့ မိမိကိုယ်ကို မိမိ တန်ဖိုးထားခြင်းအပေါ် အလေးမထားတဲ့သူ ဖြစ်နေလိမ့်မယ်”
ဖက်ရှင်နဲ့ နေထိုင်ပုံ
**************
အိုကုဆာက ကိုယ့်ကိုယ်ကိုယ် တွေ့ရှိသွားဖို့ကို ကူညီပေးတယ်။ ဖက်ရှင် ရေစီးကြောင်း တွေနောက်ကို လိုက်ရင်း ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိတော့ဘဲ ပျောက်ဆုံးနေတာကိုလည်း ပြန်လည်တွေ့ရှိအောင် ကူညီပေးတယ်။ ကိုယ့်ရဲ့ ပင်ကို အမြစ်တွယ်နေတာကို အမြစ်မကျွတ်စေဘဲ ၀တ်စားဆင်ယင်ပြီး စတိုင်လ်ထုတ်တတ်အောင်လည်း သင်ပြပေးလေ့ရှိပါတယ်။
“သင် ၀တ်စားဆင်ယင်ပုံနဲ့ သင်နေထိုင်ပုံ ဒီနှစ်ခုဟာ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းပါ။ အဲဒီနှစ်ခုကို တသီးတခြားစီ ဖြစ်သွားအောင် အဆက်ဖြတ်ပစ်ဖို့ မရနိုင်ပါဘူး”
လို့ အသက် ၄၅ နှစ်ရှိသူ အိုကုဆာက ပြောပြပါတယ်။
“ သင်က အ၀တ်အစားတွေ ဘယ်လောက်များများ ပိုင်ဆိုင်ထားသလဲဆိုတာက သီးခြားကိစ္စပါ။ အရေးကြီးတာက အ၀တ်အစားတစ်မျိုးမျိုးကို ၀တ်ဆင်လိုက်တဲ့အခါ စိတ်ထဲမှာ ငါ့အတွက် အကောင်းဆုံးကို ၀တ်ထားတယ်လို့ ခံစားမိတယ်။ မြင်မိတယ်ဆိုတာအတွက် သင်က ကိုယ့်ကိုယ်ကိုယ် သိဖို့ လိုအပ်ပါတယ်”
အိပ်မက်တွေ တကယ်ဖြစ်လာ
*******************
အိုကုဆာက သူ့အဖို့ အိပ်မက်လို ဖြစ်နေတဲ့ fashion stylist အဖြစ်ကို အကြောင်းတိုက်ဆိုင်ပြီး ရောက်ရှိသွားခဲ့တယ်။ ဖက်ရှင်မဂ္ဂဇင်းတစ်ခုမှာ သူက အယ်ဒီတာ လုပ်နေတယ်။ နောက်တော့ အလွတ်တန်း ရေးသားသူအဖြစ် ကူးပြောင်းခဲ့တယ်။ နောက်တော့ fashion stylist ဖြစ်လာခဲ့ပါတယ်။
“ကျမက အယ်ဒီတာတစ်ဦး။ ပြီးတော့ ထုတ်လုပ်သူတစ်ဦး။ ဖန်တီးရှင်တစ်ဦး အဲဒီလိုတွေ လုပ်ကိုင်ခဲ့တယ်” သူက သူဟာ stylist ပါလို့ ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်သေးခင်မှာပဲ လူတွေက သူ့ကို stylist လို့ ပြောဆိုလာကြတယ်။ “အဲဒီအခါမှာ ကျမ စဉ်းစားကြည့်တယ်။ ကျမဟာ stylist ဖြစ်ပြီလို့ သဘောပေါက်လိုက်တယ်”
အိုကုဆာက ဖက်ရှင်ကို ကောင်းကောင်း သိတဲ့သူ။ ဖက်ရှင်နောက်ကို ကောက်ကောက်ပါအောင် လိုက်ခဲ့သူ။ ဖက်ရှင်ကို ရှူရှိုက်နေတဲ့သူ။ ပြီးတော့ အဆက်အသွယ်တွေလည်း ဖက်ရှင်လောကမှာ ရှိနေတဲ့သူ။ ဓာတ်ပုံရိုက်မယ့် မော်ဒယ်တွေအတွက် အ၀တ်အစားတွေ၊ အဆင်တန်ဆာတွေကို သူကိုယ်တိုင် ရွေးချယ်ပေးရတဲ့အခါ အ၀တ်အစား လက်လီအရောင်းလုပ်ငန်းတွေနဲ့ ကန်ထရိုက်စာချုပ်တွေ ချုပ်ဆိုဖြစ်ခဲ့တယ်။ သူတို့ရဲ့ ဖက်ရှင်အကြံပေးအဖြစ်လည်း လုပ်ကိုင်တယ်။ ပြီးတော့ ဖက်ရှင်ပညာပေးစာအုပ်တွေ ရေးသားထုတ်ဝေတော့လည်း အရောင်းရဆုံး စာရင်း ၀င်သွားတယ်။ ဟောပြောတာတွေကိုလည်း အခါအားလျော်စွာ သူ လုပ်ကိုင်ပေးရတယ်။
ဖုံးကွယ်မယ့်အစား gyn ကစားလိုက်ပါ
*****************
သူပေးတဲ့ စတိုင်လ်အကြံပေးချက်တွေက သင့်ကိုယ်ခန္ဓာမှာ ရှိနေတဲ့ အားနည်းချက်တွေကို အ၀တ်အစားနဲ့ ဖျောက်ကွယ်ဖို့ မပါဘူး။ ကိုယ်လုံးကိုယ်ပေါက် ပုံပျက်နေတာကို ခပ်ပွပွ အ၀တ်အစားတွေနဲ့ မသိသာအောင်လုပ်ဖို့ မပါဘူး။
ကောင်းမွန်တဲ့ ၀တ်စားဆင်ယင်မှုကို ရဖို့ ကိုယ်လုံးကိုယ်ပေါက်ကို ကောင်းကောင်းထိန်းထားရမယ်လို့ သူက ပြောပြမယ်။ လိုအပ်ရင် gyn သွားကစားရမယ်လို့ သူက တိုက်တွန်းမယ်။
“ဖက်ရှင်က သင့်ကို ဖော်ပြပေးနေတယ်။ ဒါပေမဲ့ ၀တ်ကောင်းစားလှ ၀တ်ရုံနဲ့တော့ မပြီးဘူး။ ကိုယ်ခန္ဓာကို ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ပေးဖို့ မပျက်ကွက်ရဘူး။ အဲဒီနှစ်ခုနဲ့တင်လည် မပြီးသေးဘူး။ ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူတွေဟာလည်း တန်းတူအရေးပါတယ်။ တခြားသူတွေ စိတ်ထဲ အဆင်ပြေပြေ ဖြစ်နေဖို့ လိုတယ်”
နောက်ထပ် ဖုံးကွယ်ပုံတစ်မျိုးကတော့ စိတ်ထဲ ခံစားနေရတာကို ဖုံးကွယ်တာ ဖြစ်ပါတယ်။
အိုကုဆာက သူ့ကိုယ်ပိုင် အတွေ့အကြုံနဲ့ ပြောပြတာမှာ အိမ်ထောင်ရေး အဆင်မပြေလို့ ကွာရှင်းလိုက်ကြတယ်။
အခုလက်ရှိ ခင်ပွန်းဖြစ်သူ ဗင်နီဇွဲလားနိုင်ငံသားနဲ့ လက်ထပ်ဖြစ်ခဲ့တယ်။
အဲဒီဖြစ်ရပ်နှစ်ခုကြားကာလမှာ အ၀တ်အစားတွေ ရွေးချယ်ဝတ်ဆင်ခဲ့တာတွေဟာ သူ့ဘ၀ လုံခြုံမှုမရှိသလို ခံစားနေတာကို ထင်ဟပ်ပြနေတယ်လို့ နောင်တစ်ချိန်မှာ သူပြန်သုံးသပ်ခဲ့တယ်။
“ကျမ နုနယ်တဲ့မိန်းမသားတစ်ဦး မဖြစ်လိုဘူး။ စိတ်ဓာတ်မာတဲ့ အမျိုးသမီးတစ်ဦးပဲ ဖြစ်ချင်တယ်။ မှီခိုသူထက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေသူ ဖြစ်လိုတယ်။ ခေတ်ရေစီးကြောင်းထက် ကိုယ်ပိုင်မှုကို အသားပေးပြီး အ၀တ်အစားတွေ ရွေးချယ်ဝတ်ဆင်တယ်။ အဲဒါဟာ ကျမ အစစ်ပဲ”
ပထမအိမ်ထောင် ကွာရှင်းပြတ်စဲပြီးချိန်မှာ လမ်းချော်ကျသွားတယ်လို့ သူက ပြောပြတယ်။ အဲဒီတုန်းက တောက်ပပြီး ထင်ရှားတဲ့အရောင်တွေပါတဲ့ အ၀တ်အစားတွေဟာ သူ့အဖို့ လိုအပ်ချက် ဖြစ်နေတယ်။ အဲဒီဟာမျိုးတွေ ၀တ်ဆင်ထားမှ စိတ်အားတက်တယ်။ ငါ ပျော်ရွှင်ချမ်းမြေ့တဲ့သူလို့ ထင်မိတယ်လို့
အဲဒီတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်တဲ့အခါ စိတ်လှုပ်ခတ်ခံစားမှုတွေကို ဖုံးကွယ်ထားဖို့ ၀တ်စားဆင်ယင်တဲ့ မိန်းမသားတစ်ဦးကို တွေ့ရတယ်လို့ သူက သုံးသပ်ပြပါတယ်။
သက်လတ်ပိုင်းအလွန်
*********
သက်လတ်ပိုင်းကို ကျော်လွန်လာတဲ့အခါ ဖက်ရှင်အတွက် အချိန်တွေ ငွေတွေ သုံးစွဲချင်တာ လျော့ကျလာတာ သူကိုယ်တွေ့အရ သိရတယ်။ ရွေးစရာ အ၀တ်အစား များများစားစား ဘီဒိုထဲ မရှိတော့တာကြောင့် ဆွဲဆောင်မှုတွေ လျော့ကျသွားတယ်လို့တော့ မဆိုသာပါဘူးလို့ အိုကုဆာက ရှင်းပြတယ်။ ရွေးချယ်စရာ များများစားစား မရှိတော့တာကြောင့် စိတ်မရှုပ်ရတော့ဘူး။ အာရုံမနောက်တော့ဘူး။ ပြီးတော့ ငွေကုန်ကြေးကျ သက်သာတယ်။ စိတ်မှာ ငြိမ်းအေးတယ်။ အဲဒါတွေဟာ သူ့ကိုယ်တွေ့ပဲလို့ သူက ပြောပြတယ်။
“အသက်ကြီးလာတာက ကျမကို အ၀တ်ဘီဒိုကို ရှင်းထုတ်ပစ်စေခဲ့တယ်။ အသက်ရလာတာက ကျမမှာ ရှိနေတဲ့ ကျမအဖို့ မလိုအပ်တဲ့ပစ္စည်းတွေကို စွန့်လွှတ်စေခဲ့တယ်။ ကျမရဲ့ ဖက်ရှင်ကလည်း အပိုတွေ မပါတော့ဘူး”
ကိုယ်ခန္ဓာမှာလည်း ပြောင်းလဲလာတယ်။ “ဟုတ်တယ်။ အဆီအလွှာတွေ ရှိလာတယ်။ ဆံပင်မှာ အဖြူတွေ ရှိလာတယ်။ အရောင်အသွေးစုံတာတွေကို ရှောင်ဖို့၊ အရောင်ဖျော့တွေကို ရှောင်ဖို့ ကျွန်မရဲ့ အသားအရောင်က တောင်းဆိုနေတယ်။ အ၀တ်ဘီဒိုထဲမှာ အ၀တ်အစားတွေ အရောင်အသွေးစုံလင်တာဟာ ဘ၀မှာ အရောင်အသွေးစုံလင်တာ မဟုတ်ဘူးဆိုတာလည်း အသိတရား ရခဲ့ပါတယ်”
အခုလို လျှော့ချတာကြောင့် သူဝတ်စားဆင်ယင်တာတွေဟာ ဖက်ရှင်မကျတော့တာတော့ မဟုတ်ပါဘူးလို့ အိုကုဆာက ပြောပြတယ်။
“အခု ကျမအသက် ၄၅ နှစ် ရှိပြီ။ ဒါပေမဲ့ ကျမ အသက် ၃၀ တုန်းကထက် ဖက်ရှင်ကို အခု ပိုသိတယ်လို့ ကျမ ပြောလို့ရတယ်။ ပိုပြီးတော့ ဖက်ရှင်ကျတယ်လို့ ပြောနိုင်တယ်။ ဘာလို့လဲဆိုတော့ ကျမ သင်ယူမှုတွေ ပိုရထားပြီးပြီ”
သူက ကိုယ်တွေ့အတွေ့အကြုံတွေကနေ သင်ယူခဲ့တာတွေ ရှိတယ်။
“မီးခိုရောင် လေးထောင့်ပန်းကန်ပြားပေါ်မှာ ပန်းနုရောင် မုန့်အနုအရွ တင်ထားတာကို တွေ့တော့ အဲဒီမှာ ကျမ သင်ယူလိုက်တယ်။ အပျော့နဲ့အမာ အတူတွဲထားတာ ပေါင်းစပ်မှု အဆင်ပြေနေတယ်။ ပြီးတော့ အရောင် အနုနဲ့ အရင့် ရောတွဲထားလိုက်တဲ့အခါ လတ်ဆတ်မှု ပေါင်းထည့်ပေးတယ်ဆိုတာ ကျမ သိသွားတယ်။ အဲဒီတော့ ပေါင်းစပ်မှုက ကြွတက်သွားတယ်”
ဖက်ရှင်အတွက် သူ့ရဲ့ လက်ဦးဆရာက သူ့မိခင်။ သူ့မိခင်က ဈေးကြီးတာတွေကို ဘယ်တော့မှ မ၀တ်ဘူး။ ဒါပေမဲ့ စတိုင်လ်ကျဖို့အတွက် ဘယ်တော့မှ အခက်အခဲ မရှိခဲ့ဖူးဘူးလို့ အိုကုဆာက ပြောပြတယ်။
“မိန်းကလေးငယ်တစ်ဦးဘ၀မှ အမေ ရွေးတဲ့အရောင်နဲ့ အထည်သားတွေကို ကျမ ကြိုက်နှစ်သက်လေ့ ရှိပါတယ်။ သူက အညိုသန်းတာတွေ၊ ၀ါညိုရောင်တွေ၊ ရေတပ်အပြာရောင်တွေ ပိုဝတ်လေ့ရှိတယ်။ တောက်တောက်ပြောင်ပြောင်တွေ ဘယ်တော့မှ မ၀တ်ဘူး။ ဒါပေမဲ့ ခေတ်ဆန်ပြီး ကြော့မော့နေတာ အမှန်ပဲ”
သူ ငယ်စဉ်တုန်းက သူ့မိခင်အကြောင်းကို သူက ပြောပြပြီးတဲ့အခါ အခု သူကိုယ်တိုင် မိခင်တစ်ဦး ဖြစ်နေချိန်မှာ သားသမီးတွေကို ဖက်ရှင်နဲ့ ပတ်သက်လို့ ဘယ်လိုလဲဆိုတာ အခုလို ပြောပြပါတယ်။
သူက ကလေးသုံးယောက်အတွက် အ၀တ်အစားတွေ ၀ယ်ရင် ဈေးကြီးတဲ့ ဒီဇိုင်းနာတွေရဲ့ အ၀တ်အစားတွေအတွက် ငွေကုန်မခံဘူး။
“သားသမီးတွေနဲ့ တိုင်တိုင်ပင်ပင် ရှိပါတယ်။ ဘယ်ပွဲကို တက်ဖို့ ဘာဝတ်ရင် ကောင်းမလဲ။ လိုအပ်ရင် အတူဈေးဝယ်ထွက်ကြတယ်။ ဒါပေမဲ့ ဈေးကြီးလွန်းတာတွေကိုတော့ ၀ယ်မပေးဘူး”
“အိမ်မှာ ဆိုရင်တော့ သူတို့ ဘာဝတ်ချင်သလဲ ၀တ်လို့ရတယ်။ ဒါပေမဲ့ အိမ်သူအိမ်သား မဟုတ်တဲ့သူတွေကြားမှာ ဆိုရင်တော့ ၀တ်ချင်တာ ၀တ်နေရင် အိုကေမှာ မဟုတ်ဘူး။
ဥပမာပြောရရင် သားက အဆင့်အတန်းရှိတဲ့ စားသောက်ဆိုင်မှာ သွားစားတဲ့အခါ ဘောလုံးသမားတွေဝတ်တဲ့ ဂျာစီကို ၀တ်သွားမယ်ဆိုရင် ကျမ တားမယ်။ ၀တ်ထားတဲ့ အ၀တ်အစားကြောင့် လေးစားခံရတာ ရှိသလို အထင်အမြင်သေးခံရတာလည်း ရှိတယ်ဆိုတာ ကျမ ရှင်းပြမယ်”
သူ့မှာ သားတစ်ယောက်နဲ့ သမီးနှစ်ယောက် ရှိတယ်။
ကလေးတွေကို ဘယ်လိုဝတ်စားဆင်ယင်သင့်ကြောင်း သင်ပေးတဲ့အပြင် သူတို့လင်မယားက သားသမီးတွေ ယဉ်ကျေးရည်မွန်မှုရှိအောင်လည်း သွန်သင်ပေးတယ်လို့ ဆိုပါတယ်။
ချက္က၀ါ