ဆိုရိုးစကား ရှိတယ်။
“ဟေ့ အဲဒါ အိတ် မဟုတ်ဘူး။ အဲဒါ ဘာကင်”
ဘာလို့ အိတ်ကို အိတ်လို့ မပြောဘဲ ဘာကင်လို့ ပြောရတာလဲ။
ပြင်သစ် ဖက်ရှင်တိုက် အဲမက်စ် HERMÈS မှ ထုတ်လုပ်တဲ့ အိတ်ဖြစ်ပြီး အဲဒီအိတ်ရဲ့ စတိုင်လ်ကို ဘာကင် Birkin လို့ အမည်ပေးထားတယ်။ အဲဒီ စတိုင်လ်ကို အစွဲပြုပြီး ဘာကင်အိတ်လို့ ပြောဆိုကြတယ်။ ဒီတော့ ဘာကင် Birkin ဆိုတာက BRAND မဟုတ်ဘူး။ အဲမက်စ် HERMÈS ကသာ BRAND ဖြစ်ပေမဲ့ လူတွေက BRAND အမည်ဖြင့် မပြောကြဘူး။ စတိုင်လ်အမည် ဘာကင် Birkin လို့ပဲ သုံးနှုန်းကြရမှ Berkin လို့ အမည်တွင်နေတယ်။
Berkin လို့ အမည်တွင်စေတဲ့ နောက်ထပ် အကြောင်းတစ်ခုက အဲမက်စ် HERMÈS မှ နောက်ထပ်စတိုင်လ်တွေနဲ့ ထုတ်လုပ်တဲ့ လက်ကိုင်အိတ်တွေ ရှိနေတယ်။ Kelly ၊ Bolide ၊ Evelyne ၊ Constance စသဖြင့် ရှိနေတော့ ကွဲပြားအောင် ဘာကင်လို့ သုံးနှုန်းကြတာ ဖြစ်ပါတယ်။ အဲဒီလို စတိုင်လ် အမျိုးမျိုး ရှိတာမှာ ဘာကင်က ထိပ်ဆုံးမှာ ရှိနေတယ်။ ဒီတော့ ဘာကင် လက်ကိုက်အိတ်ကို ကိုင်နိုင်တာဟာ အဲမက်စ် လက်ကိုင်အိတ် ကိုင်တာချင်းအတူတူ ဂုဏ်ပိုကြီးမားတယ်။
ဘာကင်စတိုင်လ်အိတ်မှာ လက်ကိုင်နှစ်ခု ကျကျနန ပါတယ်။ အိတ်အဖုံးကို သော့ခတ်လို့ရအောင် လုပ်ပေးထားတယ်။ အဲဒီနှစ်ချက်ဟာ ဘာကင်စတိုင်လ်ရဲ့ ပင်ကို အင်္ဂါရပ်နှစ်ခု ဖြစ်ပါတယ်။
ဈေးနှုန်းကတော့ ဘာကင်စတိုင်လ် အိတ်တစ်လုံးကို ကန်ဒေါ်လာ ရှစ်ထောင်ကနေ ဒေါ်လာထောင်ပေါင်း ရာချီတန်တဲ့အထိ အစားစား ရှိပါတယ်။
ဒီတော့ ရှင်းပါတယ်။ လက်ထဲ ကိုင်ထားတဲ့အိတ်ဟာ ဘာကင်ဖြစ်နေရင် ကိုင်ထားတဲ့သူရဲ့ စည်းစိမ်ချမ်းသာကို ပြသပေးနေတယ်။ အဲဒါကြောင့် အဲဒါ အိတ် မဟုတ်ဘူး။ အဲဒါ ဘာကင်လို့ ပြောကြတဲ့ ဆိုရိုးစကား ရှိနေတာ ဖြစ်ပါတယ်။
အဲမက်စ်ရဲ့အစက မြင်းလှည်းမှာ သုံးစွဲတဲ့ သားရေထည်တွေကို ထုတ်လုပ်ရောင်းချပေးတာ ဖြစ်ပါတယ်။ နောက်တော့ မြင်းကုန်းနှီးကိုပါ တိုးချဲ့လုပ်ကိုင်ခဲ့တယ်။ အဲဒီလို လုပ်ကိုင်ခဲ့တာကြောင့် လိုဂိုမှာ မြင်းလှည်း၊ မြင်းနဲ့ လူတစ်ယောက်မတ်တတ်ရပ်နေပုံကို သုံးစွဲထားတယ်။
၁၉၂၂ ခုနှစ်မှာ အိတ် စထုတ်တယ်။ နောက်တော့ ပုဝါစနဲ့ လည်စည်းတွေ ထုတ်တယ်။ ထုပ်ပိုးပစ္စည်းဖြစ်တဲ့ လိမ္မော်ရောင် ကတ်ထူပုံးကို ပင်ကိုအင်္ဂါရပ်အဖြစ် ၁၉၆၁ ခုနှစ်မှာ စတင်ခဲ့တယ်။ အဲမက်စ်ရဲ လိမ္မော်ရောင်ပုံးတွေကို မြင်လိုက်တာနဲ့ အထဲမှာ ဈေးကြီးတဲ့ အိတ်တော့ ရှိနေပြီလို့ တွေးဆမိစေတဲ့အထိ ထင်ရှားတဲ့ လိမ္မော်ရောင်ပုံးတွေ ဖြစ်ပါတယ်။
အဲဒီ လိမ္မော်ရောင်ပုံးအကြောင်းတွေ မလေးရှားရွေးကောက်ပွဲအလွန်မှာ မီဒီယာသတင်းတွေထဲ သတင်းထူးအဖြစ် ဖော်ပြကြတာ တွေ့ရတယ်။ ဖြစ်ပုံက ရွေးကောက်ပွဲမှာ အရေးနိမ့်သွားတဲ့ ယခင်ဝန်ကြီးချုပ်ဟောင်းနဲ့ ပတ်သက်တဲ့ ကွန်ဒို တိုက်ခန်းတွေကို ရဲတပ်ဖွဲ့တွေက ရှာဖွေသိမ်းဆည်းကြတဲ့သတင်း ဗီဒီယိုက ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့သွားတယ်။ သိမ်းဆည်းတဲ့ ပစ္စည်းအထုပ်အပိုးတွေကို
စူပါမားကက်တွေမှာ သုံးစွဲတဲ့ တွန်းလှည်းတွေပေါ် တင်ပြီး တွန်းထုတ်လာပြီး ကားပေါ်တင်တယ်။ အဲဒီလို အထုပ်အပိုးတွေ ၂၀၀ ကျော်လောက် ရှိတာမှာ လိမ္မော်ရောင် ကတ်ထူပုံးကြီးတွေက ဒါဇင်ချီ ပါဝင်နေလို့ တအံ့တသြ ဖြစ်ကုန်ကြတယ်။
ဘာကင် အိတ်တစ်လုံးဆိုရင်ပဲ အတော်တန်ဖိုးကြီးတာမို့ စုစုပေါင်း တန်ဖိုးဟာ မနည်းမနော ဖြစ်နေတယ်။ ဘယ်ကရတဲ့ ၀င်ငွေတွေနဲ့ ၀ယ်တာလဲဆိုတာ မေးခွန်းထုတ်ကြတယ်။
ရက်ပိုင်းအတွင်းမှာပဲ ၄ ဒေါ်လာတန် Bata ကွင်းထိုးဖိနပ်တစ်ရံပုံ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားတယ်။ အဲဒီ လေးဒေါ်လာတန်ကို စီးတဲ့သူက ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့ မဟာသီ ဖြစ်ပါတယ်။ ဗလီတက်ပြီး ၀တ်ပြုတော့ ခဏချွတ်ထားခဲ့တာကို တွေ့လို့ ဓာတ်ဖမ်းပြီး တင်ပေးလိုက်တာလို့ ဆိုပါတယ်။
အင်စတာဂရမ်မှာ အဲဒီဖိနပ်ပုံနဲ့အတူ ကျွန်တော်တို့ရဲ့ နှိမ်ချမှုရှိတဲ့ ဦးကြီး မဟာသီက
Gucci တွေ Hermes တွေ မလိုဘူး။ Bata ဆိုရင်ပဲ ကောင်းကောင်း သွားလာလို့ရပြီလို့ ရေးထားတယ်။