● လျှော့ဈေး ဈေးအနိမ်ဖြင့် ရောင်းချတဲ့ Target ကို ဗြိတိသျှမှ ဒီဇိုင်နာ brand ဖြစ်တဲ့ Burberry က သူ့ရဲ့ ပင်ကိုသင်္ကေတဖြစ်တဲ့ လေးထောင့်ကွက်ဒီဇိုင်းကို တုပပြီး ဖက်ရှင်ထည်တွေကို ထုတ်လုပ်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုလိုက်ပါတယ်။
● အခုလို ပုံမှားရိုက်တဲ့အတွက် Burberry က နစ်နာကြေး ကန်ဒေါ်လာ ၂ သန်း တောင်းဆိုတဲ့အပြင် ယခုလို တရားစွဲဆိုတာအတွက် ကုန်ကျစရိတ်အားလုံးကို လျော်ကြေးပေးဖို့ တောင်းဆိုထားပါတယ်။
● လိုက်လံတုပခြင်း Copycat ဖက်ရှင်ဟာ ဖက်ရှင်လောကမှာ ကျယ်ပြန့်တဲ့ကိစ္စရပ် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖက်ရှင်မှာ တခြားဖန်တီးမှုတွေဖြစ်တဲ့ ပန်းချီ၊ စာပေ၊ ရုပ်ရှင်တို့လို အကာအကွယ် မရှိဘူး။ ဒီတော့ ဖက်ရှင်ဒီဇိုင်နာတွေဟာ သူတို့ လုပ်ကိုင်ထားတာတွေကို ကာကွယ်ဖို့ ခဲယဉ်းနေပါတယ်။
● ဖက်ရှင်ဒီဇိုင်းနာတစ်ဦးက သူ့ရဲ့ ဒီဇိုင်းကို မူပိုင်ခွင့် ရယူလို့ ရတယ်။ ဒါပေမဲ့ ကုန်ကျစရိတ် ကြီးမားတဲ့အပြင် အချိန် ၂ နှစ်ဝန်းကျင် ကြာမြင့်ပါတယ်။ တရားစွဲဆိုမယ် ဆိုရင်လည်း အချိန်ကြာမြင့်တဲ့အပြင် စရိတ်လည်းထောင်းတယ်။
● Burberry ဟာ စံပြုထိုက်တဲ့ ဗြိတိသျှ ဖက်ရှင် ဒီဇိုင်နာ brand ဖြစ်ပြီး ၁၉ ရာစု အလယ်ပိုင်းကတည်းက အထင်ကရ ရပ်တည်ခဲ့တာမှာ လေးထောင့်ကွက်အဆင်တွေဟာ သူ့ရဲ့ ထိုးမြဲလက်မှတ်လို့ လူအများက သိထားကြတယ်။ ၁၉၂၀ ပြည့်နှစ်လွန်မှာ အဲဒီ လေးထောင့်ကွက်အဆင်ကို trademark ရယူခဲ့ပါတယ်။ အခုလို ဥပဒေကြောင်းအရ အကာအကွယ်ယူထားပေမဲ့လည်း ဆင်တူယိုးမှား တုပပြီး လုပ်ကိုင်တာတွေ ရှိနေခဲ့ပါတယ်။
● Target ဟာ ယခင်က ဖက်ရှင်ဒီဇိုင်နာ Victoria Beckham နဲ့ လုပ်ကိုင်ခဲ့ဖူးပါတယ်။ တန်းမြင့်စည်းစိမ်ဂုဏ်ဒြပ်ပြ ဖက်ရှင်လုပ်ငန်းအချို့နဲ့လည်း စီးပွားဖက်အဖြစ် လက်တွဲ လုပ်ကိုင်လေ့ ရှိပါတယ်။ ဒါပေမဲ့ Burberry ရဲ့ လေးထောင့်ကွက်အဆင်နဲ့ ဆင်ဆင်တူနေတဲ့ မာဖလာဟာ အရည်အသွေး နိမ့်ကျပြီး ဈေးလည်း သက်သာပါတယ်။ အကြောင်းမသိရင် Burberry က ဈေးကွက်ရဲ့ အနိမ့်တန်းကို ဆင်းလာပြီး ဈေးကွက်ဝေစု ရယူတာလားလို့ အထင်မှားစရာ ဖြစ်နေပါတယ်။