သိပ်မအေးလှတဲ့ရာသီဥတုမျိုးကို ပိုင်ဆိုင်ထားတဲ့ အရပ်ဒေသတွေအနေနဲ့ မနက်ခင်းစောစောနဲ့ ညနေဘက်တွေမှာအအေးကဲပြီး နေ့ခင်းဘက်ပူအိုက်တဲ့ပြသနာမျိုးတွေ ရှိတတ်ပါတယ်။ ရုံးတက်ရုံးဆင်းနေရသူတွေအနေနဲ့လည်း ရုံးအသွားနဲ့အပြန်မှာ ချမ်းပြီး အလုပ်လုပ်နေချိန်မှာ ပူအိုက်နေရတဲ့အဖြစ်မျိုးနဲ့ကြုံရတတ်တာမို့ အနွေးထည်ယူသွားရမလား မယူပဲသွားရမလားဆိုတာမျိုးနဲ့ အမြဲ အခက်တွေ့ကြရမှာပါ။
အဲကွန်းရှိပြီး ရုံးခန်းထဲမှာ ထိုင်အလုပ်လုပ်ရသူတွေအတွက် အဆင်ပြေပေမယ့် အပြင်လျှောက်သွားပြီး အလုပ်လုပ်နေရသူတွေ အတွက်တော့ ရာသီဥတုရဲ့ အပူအအေးမမျှမှုက ဘယ်လိုမှအဆင်ပြေစေမှာမဟုတ်ပါဘူး။
ဒါကြောင့် ရာသီဥတုအေးသည်ဖြစ်စေ ပူသည်ဖြစ်စေ နှစ်မျိုးစလုံးနဲ့ သင့်တော်ပြီး စမတ်ကျစေမယ့် ဆောင်းတွင်းရုံးတက်ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
Polo Shirt

Retro ဆန်ဆန်လေးလည်းဖြစ်သလို ကြည့်လိုက်တာနဲ့ စမတ်ကျနေစေမယ့် အတွဲအစပ်လေးကတော့ ပိုလိုရှပ်လက်ရှည်တွေကို စတိုင်ပန်ခပ်ပွပွနဲ့တွဲဖက်ဝတ်ဆင်ခြင်းပါ။ ကြည့်ရတာသပ်ရပ်ပြီး အအေးဒဏ်လည်း အတော်အသင့်ခံနိုင်တဲ့ ဖက်ရှင်မျိုးမို့ ဆောင်းတွင်း ရုံးတက်ဖို့အတွက် တော်တော်လေးသင့်တော်ပါတယ်။
Shirt and Denim

မရိုးနိုင်တဲ့အတွဲအစပ်လို့ပြောရမယ့် ရှပ်အင်္ကျီအဖြူ နဲ့ Denim Pant တွဲဖက်ဝတ်တဲ့စတိုင်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရတာလည်းစတိုင်လ်ကျသလို ပျော့ညံ့တဲ့လူတစ်ယောက်အသွင် မဖြစ်စေတာကြောင့် အလုပ်အတွက်အသင့်တော်ဆုံးလို့ဆိုရမှာပါပဲ။
Pullover

Pullover လေးတွေနဲ့ ဂျင်းဘောင်းဘီ slim fit လေးတွေ တွဲဝတ်တဲ့ပုံစံက အရမ်းလည်း မိန်းမ မဆန်သလို တစ်ထပ်တည်းနဲ့ အအေးဒဏ် လည်း သက်သာစေမယ့်ပုံစံလေးဖြစ်ပါတယ်။ ရုံးမှာ လှုပ်လှုပ်ရှားရှားနဲ့အလုပ်တွေလုပ်ရတဲ့အခါ အနှောင့်အယှက်လည်းမပေးသလို ယုံကြည်မှုအပြည့်ရှိတဲ့ပုံပေါက်နေပါလိမ့်မယ်။
Cardigan

ဆွယ်တာအပါးလေးတွေ Cardigan ခပ်ပါးပါးလေးတွေက အအေးဒဏ်ကိုလည်း အထိုက်အလျောက်ကာကွယ်ပေးနိုင်သလို အနွေးထည်မဝတ်တော့ချင်လို့ အိတ်ထဲခေါက်ထည့်ထားရင်တောင် နေရာမယူမယ့်အပေါ်ထပ်မျိုးလေးတွေပါ။ဝတ်လိုက်ရင် စတိုင်လ်ကလည်းကျသေးတယ်ဆိုတော့ ရုံးတက်အတွက်ရွေးချယ်ဖို့ အဆင်ပြေဆုံးပါပဲ။
T shirt and Blazer

တီရှပ်အဖြူလေးတွေနဲ့ တစ်ထပ်ကုတ် blazer ခပ်ပွပွတွေ တွဲဖက်ဝတ်တဲ့စတိုင်လ်ကတော့ ဖက်ရှင်လည်းကျ လှလည်းလှတဲ့ဆောင်းရာသီရုံးတက်ဖက်ရှင်လို့ ဆိုရမှာပါပဲ။ အပူအအေးနှစ်မျိုးလုံးကိုလည်း အံတုနိုင်သလို အရေးကြီးတွေ့ဆုံပွဲတွေနဲ့ meeting တွေမှာတောင် စမတ်ကျပြီး ယုံကြည်မှုတိုးစေမယ့်ပုံစံမျိုးမို့ သိပ်ကိုရွေးချယ်သင့်တဲ့ရုံးတက်ဖက်ရှင်လေးတစ်ခုပါပဲ။
Myanmar Textile & Garment Guide
Source: MODA





