What's new

×

Warning

JUser: :_load: Unable to load user with ID: 845


fit model သက်မွေးအလုပ်ဟာ မက်မောစရာပါပဲ

အ၀တ်အစားတွေကို ဖက်ရှင်ဒီဇိုင်းထုတ် နမူနာ ချုပ်လုပ်ပြီးတဲ့အခါ ကိုယ်ပေါ်တင်ကြည့်ဖို့ လိုတယ်

။ ပုံကျရဲ့လား၊ ၀တ်ထားရင် ဘယ်လိုနေသလဲ စတာတွေကို သိဖို့ fitting လုပ်ကြတဲ့အခါ fit model ကို သုံးကြတယ်။

အခုတင်ပြထားတဲ့ fit model တစ်ဦးဖြစ်သူ MEGAN ROUP ကို FASHIONISTA မှ တွေ့ဆုံမေးမြန်းပြီး ဖြေကြားထားတာတွေကို တည်းဖြတ်ပြီး ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ Megan Roupe က fit model လုပ်ပေးခဲ့တဲ့ brands တွေမှာ Gap, DKNY, Calvin Klein dresses, Club Monaco, Kenneth Cole, AYR, Tommy Hilfiger, Jessica Simpson, Ellen Tracy dresses, Eliza J တို့ ပါဝင်ပါတယ်။ လက်ရှိ လုပ်ကိုင်ပေးနေတဲ brands တွေနဲ့ အ၀တ်အစားအမျိုးအစားတွေမှာ Kensie dresses, Guess coats, Karl Lagerfeld coats, Kenneth Cole coats, Levi’s coats တို့ ပါဝင်ပါတယ်။ သူက အခုလို ပြောပြထားပါတယ်။

MEGAN ROUP Fit model min
ကျမက အကပညာဖြင့် ဘွဲ့ရခဲ့တယ်။ သက်မွေးအလုပ်အဖြစ် ကခဲ့တာ ၂၀၁၄ ခုနှစ် အထိဖြစ်ပါတယ်။ ကျမ နေထိုင်တဲ့ နယူးယောက်မြို့မှာ ငွေကြေး လုံလုံလောက်လောက်ဖြင့် ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေနိုင်ဖို့အတွက် ကျမ ကြံဆလုပ်ကိုင်ခဲ့တယ်။ တစ်ရက်မှာတော့ နာမည်ကြီး အ၀တ်အစား brand တစ်ခုဖြစ်တဲ့ American Eagle ရဲ့ ကြော်ငြာတစ်ခုကို တွေ့တယ်။ size 6 အရွယ် မိန်းကလေးကို ဂျင်းအ၀တ်အစားတွေအတွက် သရုပ်ဆောင်ပေးဖို့ လူခေါ်နေတဲ့ ကြော်ငြာ ဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်လျှောက်ကြည့်လိုက်မယ်လို့ ကျမ ဆုံးဖြတ်တယ်။ ကျမ အဲဒီအလုပ်ကို မရခဲ့ပါဘူး။ ဒါပေမဲ့ ကင်မရာတွေ မပါတဲ့ model အလုပ်ဖြစ်တဲ့ fit model အတွက်တော့ ကျမရဲ့ ကိုယ်ခန္ဓာက ဆီလျော်နေတယ်လို့ ပြောဆိုတိုက်တွန်းကြတယ်။ fit model အကြောင်းလည်း ကြားဖူးနားဝလောက်ပဲ သိထားတယ်။ ဒါပေမဲ့ စမ်းကြည့်တာပေါ့လို့ စိတ်ထဲ ထားလိုက်တယ်။ ကျမကို တာဝန်ယူ ကိုယ်စားပြုပေမဲ့ အေဂျင်စီကို ရှာပါလို့ ပြောကြလို့ အလုပ် လျှောက်ထားလိုက်တယ်။ မကြာခင်မှာပဲ Ford Models အေဂျင်စီက ကျမကို အလုပ်ပေးလို့ ကန်ထရိုက် လက်မှတ်ထိုးလိုက်တယ်။ ပြီးတာနဲ့ အလုပ်စလုပ်ရတယ်။

ကျမ fit model လုပ်နေချိန်မှာ ကျမ တတ်ထားတဲ့ အကပညာကို အခြေခံထားတဲ့ ကိုယ်ကာယလေ့ကျင့်ခန်း သင်တန်းကိုလည်း နယူးယောက်မှာ ဖွင့်လှစ်လုပ်ကိုင်ပါတယ်။
fitting အလုပ်ကို တနင်္လာနေ့ကနေ သောကြာနေ့အထိ လုပ်တယ်။ မွန်းတည့်ချိန်ကနေ ညနေ ၅ နာရီအထိကို fitting အတွက် အချိန်နာရီတွေ ပေးတယ်. ကျမကို ငှားနေကျ brand တွေအဖို့တော့ ကျမကို fit အတွက် ဘယ်နှနာရီ လုပ်မယ်ဆိုတာ သတ်မှတ်ချက် ရှိထားပြီးသား ဖြစ်ပါတယ်။ ဒီတော့ တစ်ပတ်တာအတွက် အလုပ်ချိန်တွေ ဘယ်လိုရှိမလဲ မှန်းလို့ ရတယ်။
fitting လုပ်ဖို့ တစ်နာရီပဲ ငှားတာလည်း ရှိတယ်။ လေးငါးနာရီအထိ ငှားတာလည်း ရှိတယ်။ ဘယ် brand က ဘယ်နှနာရီ သုံးတယ်ဆိုတာ သတ်သတ်မှတ်မှတ် ရှိတယ်။ နယူးယောက်မြို့ရဲ့ ဖက်ရှင်နဲ့ အထည်ချုပ်တဲ့ ရပ်ကွက်ထဲမှာ ကျမ လှည့်ပတ်ပြီး လုပ်ကိုင်တယ်။ အချိန်းအချက် လုပ်ထားတဲ့ တစ်နေရာနဲ့ တစ်နေရာ သွားဖို့ ၁၅ မိနစ်ဝန်းကျင်လောက်ပဲ ကြာတယ်။
အ၀တ်အစားကို ကိုယ်ပေါ်တင်ပြီးရင် အသေးစိတ် ပိုက်စိပ်တိုက်တယ်။ အတိုင်းအတာတိုင်းကို ကြည့်တယ်။ များသောအားဖြင့် ဖက်ရှင်ဒီဇိုင်နာနဲ့ လုပ်ထုံးလုပ်နည်း ဒီဇိုင်နာတို့ အခန်းထဲမှာ ရှိနေကြတယ်။
ဖက်ရှင်ဒီဇိုင်နာက ဗိသုကာ ဆန်တယ်။ လုပ်ထုံးလုပ်နည်း ဒီဇိုင်နာက အင်ဂျင်နီယာ ဆန်တယ်။
ဖက်ရှင်ဒီဇိုင်နာက အ၀တ်အစားကို ဖန်တီးလိုက်တယ်။ လုပ်ထုံးလုပ်နည်း ဒီဇိုင်နာက အထည်ချုပ်စက်ရုံမှာ တကယ်အကောင်အထည်ဖော်ပြီး ချုပ်ပေးနိုင်အောင် လုပ်ပေးတယ်။
ကျမက ၀တ်ထားတဲ့အ၀တ်အစား ဘယ်လိုနေသလဲ ပြောပြရတယ်။ ကျပ်လွန်းနေသလား။ ပွလွန်းနေသလား။ သေးနေသလား။ ကြီးနေတယ်ထင်လား။ ဘယ်လို့ ခံစားမိသလဲ။
အဲဒီမှာ ဗိသုကာနဲ့ အင်ဂျင်နီယာ ထိပ်တိုက်တွေ့တယ်။ လုပ်ထုံးလုပ်နည်း ဒီဇိုင်နာက လိုအပ်မယ်လို့ ယူဆတာတွေကို ပြင်တယ်။ ဖြတ်ထုတ်စရာရှိရင် ဖြတ်တယ်။ တွယ်ချိတ်တွေနဲ့ သီစရာရှိတာကို သီမယ်။ တိပ်ကပ်သင့်ရင် ကပ်တယ်။ permanent marker pen နဲ့ စတိုင်လ်လိုင်းတွေ ဆွဲသားတာလည်း လုပ်တယ်။ အဲဒီလို အ၀တ်အစားအပေါ်မှာ အရာကြီး ထင်းနေအောင် လုပ်ခံရတာကို ဖက်ရှင်ဒီဇိုင်နာက မကြိုက်တာ သေချာတယ်။

ဝတ်ထားတာ ဘယ်လိုနေသလဲ ကိစ္စပြီးရင် သုံးထားတဲ့ အထည်သားက ဘယ်လိုနေသလဲဆိုတာ ပြောဆိုကြတယ်။ ဒီဇိုင်နာ နှစ်ယောက်စလုံးက အထည်သားကို ဘယ်လို စိတ်ထဲခံစားမိသလဲဆိုတာ သိချင်ကြတယ်။ အဲဒါကို ကျမ ပြောပြပေးရတယ်။ အဲဒီအချက်က အလွန်အမင်း အရေးကြီးတယ်။ အရေးပါတယ်။ fit model တွေပဲ ခံစားပြောပြပေးနိုင်တယ်။
ကိုယ်ပေါ်မှာ ၀တ်ထားတာ တော်မတော်၊ အံကိုက် ဖြစ်မဖြစ်၊ အံဝင်ခွင်ကျ ဖြစ်မဖြစ်ဆိုတာတွေကို လုပ်ထုံးလုပ်နည်း ဒီဇိုင်နာက အဓိကထားပြီး လုပ်တယ်။ အဲဒါတွေက သူ့အဖို့ အရေးပါတဲ့ဟာတွေ ဖြစ်ပါတယ်။
သူတို့က အထည်သား အလိပ်ကို ဖြတ်တောက်ဖို့ နောက်ဆုံးဘိတ် ပက်တန်ကို ဖန်တီးပေးတယ်။ ပြည်ပနိုင်ငံတစ်ခုခုဆီပေးပို့ပြီး အထည်တွေ ချုပ်ခိုင်းဖို့ အချက်အလက်တွေ ထုတ်ပေးတယ်။ အထည်ချုပ်စက်ရုံတွေမှာ ချုပ်တဲ့အခါ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွှတ်အဆင်ပြေမယ့် ပက်တန်တွေကို ထုတ်ပေးတယ်။ ဒီတော့ လိုအပ်ရင် ဖက်ရှင်ဒီဇိုင်နာရဲ့ ပက်တန်တွေကို ပြောင်းလဲပေးတယ်။
အဲဒီမှာ ချည်ကို ဘာအရောင် သုံးမယ်ဆိုတာကအစ ဆွေးနွေး ဆုံးဖြတ်ကြတယ်။
အမြောက်အမြားချုပ်ဖို့ အထည်ချုပ် စက်ရုံတွေဆီ မရောက်ခင် fitting ကို လေးငါးကြိမ် လုပ်လေ့ရှိတယ်။

ကျမ ကိုယ်ခန္ဓာရဲ့ အတိုင်းအတာယူဖို့ လိုတဲ့ နေရာတိုင်းရဲ့ အတိုင်းအတာတွေကို တစ်ခုချင်းဆီ ကျမ သိထားတယ်။ လက်ကောက်ဝတ်က ဘယ်လောက်၊ ခြေကျင်းဝတ်က ဘယ်လောက် စတာတွေ သိထားတယ်။ အဲဒါတွေမှာ ကျမအနေဖြင့် အရင်တုန်းက သိဖို့ မလိုဘူးလို့ တင်ထားတဲ နေရာတွေရဲ့ အတိုင်းအတာတွေကိုပါ အခုဆို ကျမ သိနေပြီ။
ကျမကို ငှားနေကျ ဖြစ်သူတွေကလည်း အပတ်စဉ် ကျမကို တိုင်းတယ်။ အပြောင်းအလဲကို တစ်လက်မရဲ့ လေးပုံတစ်ပုံထက် ပိုရင် လက်မခံဘူး။
ကိုယ်အလေးချိန် တိုးတာ ကျတာ များရင် အဆင်မပြေဘူး။
ကျမက အကသမား။ ပြီးတော အကနဲ့ ကိုယ်ကာယလေ့ကျင့်ခန်း သင်တန်းဖွင့်ပြီး နည်းပြဆရာမ လုပ်နေတဲ့သူ မနက်ဘက်မှာ သင်တန်းပေးတယ်။ ဒီတော့ အတိုင်းအတာတွေကို ထိန်းထားနိုင်ပါတယ်။
မွန်းတည့်ချိန်ကစလို့ fitting လုပ်တယ်။ ညဘက်ကျ အကတင်ဆက်မယ့် ပွဲတွေအတွက် အစမ်းလေ့ကျင့်တာ လုပ်တယ်။ ညဘက် ကပွဲရှိရင်လည်း ကပြဖြေဖျော်တယ်။ အဲဒါတွေ လုပ်ကိုင်နေနိုင်ဖို့ စားဝတ်နေရေးစရိတ်တွေအတွက် fit model အလုပ်ကနေ ၀င်ငွေရှာရတယ်။

brand တွေမှာ အ၀တ်အစားတစ်လိုင်းအတွက် fit model တစ်ယောက်ပဲ ပင်တိုင်ထားတယ်။ အဲဒီ fit model အပြောင်းအလဲလုပ်ရင် အဲဒီ brand ရဲ့ အ၀တ်အစားမှာ အကြီးအကျယ် ပြောင်းလဲသွားတတ်တယ်။ စတိုးဆိုင်မှာ ရောင်းနေတဲ့ အ၀တ်အစားအတွက် fit model က အဆုံးအဖြတ်ပေးတယ်။
brand က တခြားမော်ဒယ်တစ်ယောက်ကို ပြောင်းသုံးဖို့ ဆုံးဖြတ်ရင် ကျမ ၀မ်းနည်းတယ်။ သူတို့နဲ့ ကာလရှည်ကြာ အတူလက်တွဲပြီး လုပ်ကိုင်လာတော့ ရင်းနှီးကျွမ်းဝင်နေကြပြီ။ ဒါပေမဲ့ ဖက်ရှင်ဒီဇိုင်နာတွေ၊ လုပ်ထုံးလုပ်နည်း ဒီဇိုင်နာတွေမှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ကုမ္ပဏီက ချမှတ်ပေးတဲ့အတိုင်း လူပြောင်းပြီး ငှားကြရတယ်။
သူတို့ကလည်း စိတ်မကောင်းဖြစ်မိကြတယ်။ ဘယ်တတ်နိုင်မလဲ။
အဲဒီလို အဖြစ်မျိုး ကျမ နှစ်ကြိမ် ကြုံဖူးတယ်။
ဖက်ရှင်ထုတ်လုပ်မှု လောကမှာ အရေထူဖို့ လိုတယ်။ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို ဘေးချိတ်ထားဖို့ လိုတယ်။

ဝင်ငွေကတော့ ကောင်းပါတယ်။ နှုန်းထားတွေက များသောအားဖြင့် တစ်နာရီကို ဒေါ်လာ ၂၅၀ ကနေ ၃၀၀ အထိ ရှိတယ်။ ဒီ fit model လောကထဲမှာ နှစ် သုံးလေးဆယ်အထိ လုပ်ကိုင်နေလို့ရတယ်။ အခုဆိုရင် အသက် ၆၀ ကျော်တွေတောင် ရှိနေပြီ။ ရတဲ့ဝင်ငွေရယ် နှစ်ကာလရှည်ကြာ လုပ်ကိုင်လို့ ရနေတာရယ်ကြောင့် fit model သက်မွေးအလုပ်ဟာ မက်မောစရာပါပဲ။

Read 1379 times
Rate this item
(1 Vote)